Skip to main content

ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း “Myanmar National Cancer Control Strategic Action Plan (2023-2027)” အသိပေးမိတ်ဆက်ခြင်း အခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၇

Myanmar National Cancer Control Strategic Action Plan(2023-2027)” အသိပေး မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ဌာနမှူးများ၊ တာဝန်ရှိသူများ၊ ကင်ဆာရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်း၊ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း၊ လူထုကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းက ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် အမျိုးသားအဆင့် ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးမဟာဗျူဟာနှင့် လုပ်ငန်းစီမံ ချက် Myanmar National Cancer Control Strategic Action Plan (2017-2021) ရေးဆွဲခဲ့ပြီး ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အမျိုးသားအဆင့် ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေး မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် Myanmar National Cancer Control Strategic Action plan (2023-2027)တွင် ယခင်စီမံကိန်း ဆောင်ရွက်မှုများကို ပြန်လည်လေ့လာသုံးသပ်၍ ငါးနှစ်တာကာလအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းများကို မဟာဗျူဟာအလိုက် အသေးစိတ်ရေးဆွဲထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေသည့် ကင်ဆာရောဂါ ဖြစ်ပွားသေဆုံးမှုကို လျှော့ချရန် စီမံကိန်းပါ လုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း က Myanmar National Cancer Control Strategic Action plan (2023-2027) ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်၊ ပြုစုရေးသားခဲ့သည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မကူးစက်) ဒေါက်တာသီတာဝင်းက အဆိုပါ စီမံကိန်းအကျဉ်းချုပ်နှင့် စီမံကိန်းပါနည်းဗျူဟာ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗဟိုအဆင့် ၂၀၂၂ ခုနှစ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

သတင်းစဉ်