Skip to main content

လှော်ကားဥယျာဉ်၌ Northern Shoveler ရေငှက်အမျိုးအစား ဆောင်းခိုလာခြင်းကို ပထမဆုံးအကြိမ်မှတ်တမ်းတင်နိုင်ခဲ့

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး လှော်ကားဥယျာဉ်တွင် မှတ်တမ်းမရှိသေးသော ထိပ်ကားဇွန်းပြားပုံစံနှုတ်သီး အကြီးစားရှိသည့် Northern Shoveler ရေငှက်အမျိုးအစား ယခုလအတွင်း လာရောက်ဆောင်းခိုနေသည်ကို ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း လှော်ကားဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခြားရေဘဲအမျိုးအစားနှင့် မတူညီဘဲ သိသာထင်ရှားသည့် ထိပ်ကားဇွန်းပြားပုံစံ နှုတ်သီးအကြီးစားရှိသည့် ရေငှက်အမျိုးအစားတစ်မျိုးဖြစ်သည့် Northern Shoveler က ဒီဇင်ဘာ ၂၃ ရက်က လှော်ကားဥယျာဉ်ရှိ Camping Ground ရေကန်တွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်ဆောင်းခိုနေကြောင်း သိရသည်။

ပြီးခဲ့တဲ့ဆောင်းတွင်း ဇန်နဝါရီလမှာတော့ Mandarin ငှက်က မှတ်တမ်းသစ်ပါ။ အခုနောက်ထပ် Mandarin ငှက်နဲ့အတူတူပါလာတာ နောက်တစ်မျိုးပါ။ Northern Shoveler ဆိုတာ လှော်ကားဥယျာဉ်အတွက် မှတ်တမ်းမရှိသေးဘူး။ ဒီနှစ်မှာ လှော်ကားဥယျာဉ်ကို ပထမဆုံးအနေနဲ့ ဆောင်းခိုဖို့လာရောက်တာပါ။ ဒီနှစ်အတွက် မှတ်တမ်းအသစ်ပါ ဟု လှော်ကားဥယျာဉ် တာဝန်ရှိသူက ပြောသည်။

အဆိုပါ Northern Shoveler ရေဘဲငှက်ကို ပြီးခဲ့သည့် ဆောင်းရာသီတွင် မှတ်တမ်းတင်ထားသည့် Mandarin Duck ရေဘဲအမျိုးအစား၊ Spot billed Duck ရေဘဲများနှင့် တစ်အုပ်စုတည်းတွင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခြင်းဖြစ်​သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်ကလည်း မြန်မာနိုင်ငံအတွင်း တွေ့ရခဲသည့် ဆောင်းခိုငှက်တစ်မျိုးဖြစ်သည့် အမွေးအတောင် အရောင်စုံလင်လှပြီး ကျောကုန်းအပေါ်တွင် ကွေးတက်သွားသည့်ရွက်အတောင် (Sail Fins) ပါရှိသော ( Mandarin Duck) ဘဲငှက်လာရောက် ဆောင်းခိုနေကြောင်း သိရသည်။

ငှက်က ထူးခြားတော့ ဓာတ်ပုံရိုက်ဖို့လာကြတယ်။ ပြီးတော့သူတို့တွေက အခြားဘဲတွေနဲ့မတူတဲ့အတွက် ငှက်ဝါသနာရှင်တွေ၊ ငှက်ကြည့်တဲ့သူတွေက စိတ်ဝင်စားကြတယ်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

လှော်ကားဥယျာဉ်တွင် Northern Shoveler၊ Mandarin Duck အပြင် အခြားထူးခြားလှပသည့် ဆောင်းခိုငှက်များရောက်နေပြီး လှော်ကားဥယျာဉ်သို့ လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

MT၊ Photo-Hlawga Park