Skip to main content

ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူတော်မူသော ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဒီဇင်ဘာ ၂၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူတော်မူသော ဆရာတော် ရှစ်ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ကို သွားရောက်အားပေး ကြည်ညိုခဲ့ကြသည်။

ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်တို့သည် နေပြည်တော်ခုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ခံယူတော်မူသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး နှစ်ပါး၊ နေပြည်တော်တိုင်း သံဃနာယကဆရာတော်ကြီး တစ်ပါး၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး နှစ်ပါး၊ နေပြည်တော်တိုင်း ဘုန်းတော်ကြီးပညာသင်ကြားမှု ကြီးကြပ်ရေး ဆရာတော်တစ်ပါး၊ စုစုပေါင်းဆရာတော်ကြီး ခြောက်ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့အား သွားရောက်ဖူးမြော် ကြည်ညို၍ ဆရာတော်ကြီးများ၏ ကျန်းမာရေးစစ်ဆေးပေးမှုအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးရန် မှာကြားသည်။

ဆေးစစ်ရန် ဆရာတော်ကြီးများအနက် ဆရာတော်ကြီး နှစ်ပါးသည် ဆေးရုံသို့ လာရောက်နိုင်ခြင်း မရှိသဖြင့် အဆိုပါဆရာတော်ကြီးများအား မိမိတို့ကျောင်းတိုက်၌ သီးခြားရက်ချိန်းဖြင့် ကျန်းမာရေး စစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးသွားမည်ဖြစ်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သံဃာ့အဖွဲ့အစည်းဝင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အခမဲ့ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်