(၃၁-၈-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၇) ဦးအား ပါရီမြို့အခြေစိုက် Amelia Airline ကယ်ဆယ်ရေး အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၁:၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေး ခဲ့ပါသည်။
၃။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက် ရှိရာ ၇-၆-၂၀၂၀ ရက်နေ့တွင်လည်း ပြင်သစ်၊ အီတလီနှင့် နယ်သာလန်နိုင်ငံတို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် Norwegian Cruise Line Holding Ltd. ကုမ္ပဏီ၏ ကမ္ဘာလှည့်သင်္ဘောများပေါ်မှ မြန်မာသင်္ဘောသား စုစုပေါင်း (၈၃) ဦးတို့အား Amelia Airline ကယ်ဆယ်ရေး အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။
# Ministry of Foreign Affairs Myanmar