Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရန်ကုန် ဒီဇင်ဘာ ၁၈

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပသည့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမို အဆင်ပြေချောမွေ့စေရေးအတွက် ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (Compressed Natural Gas – CNG) အရောင်းဆိုင်များသို့ အပူစွမ်းအင်ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး နည်းပညာပိုင်းဆိုင်ရာများ၊ ရေနံချက်စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်၍ စက်သုံးဆီ အမြန်ဆုံးထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စက်ရုံအလုပ်ရုံများသို့ သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

ဦးစွာ အထွေထွေမန်နေဂျာက အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် CNG အရောင်းဆိုင် ၄၁ ဆိုင်မှ ဖြန့်ဖြူးရောင်းချပေးနေမှု၊ လျှပ်စစ်ဓာတ်အားပုံမှန်ရရှိပြီး အရောင်းဆိုင်များမှ စွမ်းအားပြည့်ဖြန့်ဖြူးပေးနိုင်ရေး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းနှင့် ညှိနှိုင်းဆောင်ရွက်နေမှု၊ CNG ဖြည့်တင်းမှုအတွက် Mobile Application အသုံးပြု၍ အများပြည်သူသို့ အသိပညာပေးနိုင်ရန် ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် CNG အရောင်းဆိုင်များသို့ သဘာဝဓာတ်ငွေ့ပြတ်လပ်မှုမရှိစေရေး ထိန်းညှိဖြန့်ဖြူးပေးနေမှု၊ ကမ်းလွန်သဘာဝဓာတ်ငွေ့နှင့် ကုန်းတွင်းသဘာဝဓာတ်ငွေ့ တို့အား အပူစွမ်းအင် ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ပေါင်းစပ်ဖြေရှင်းဆောင်ရွက် နေမှုတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နည်းပညာအကူအညီနှင့် သဘာဝဓာတ်ငွေ့အပူစွမ်းအင် ထိန်းညှိဖြန့်ဖြူးရေးဆောင်ရွက်နေမှုကို ရေရှည်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်၊ CNG အရောင်းဆိုင်များနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းခွင်သုံး ဖိအားထိန်းချုပ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရေးနှင့် စက်အရန်ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေးဆောင်ရွက်ရန်၊ စက်ပစ္စည်းများ သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရေး regular maintenance နှင့် preventive maintenance ဆောင်ရွက်ရန်လိုကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ရေနံချက်စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် အဆင့်မြှင့်တင်ကာ စက်သုံးဆီနှင့် ရေနံထွက်ပစ္စည်းများ အမြန်ဆုံးထုတ်လုပ်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများနှင့်ဆွေးနွေးခြင်း၊ စက်ရုံပြင်ဆင်ရန်လိုအပ်ချက်အား အသေးစိတ်လေ့လာခြင်း၊ မွမ်းမံပြင်ဆင်ခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်စေလိုကြောင်း၊ လက်ရှိစက်ရုံများ၏ အခြေခံအဆောက် အအုံများကိုအခြေခံကာ စက်သုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြားပေးရေးတို့ကို အသေးစိတ်အစီအမံများ ရေးဆွဲတင်ပြကြစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုအဆင်ပြေစေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG အရောင်းဆိုင်များသို့ အပူစွမ်းအင်ထိန်းညှိဖြန့်ဖြူးနိုင်ရေး နည်းပညာဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အဖွဲ့အား ဆုများချီးမြှင့်ခဲ့သည်။

သတင်းစဉ်