Skip to main content

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် ဒါယကာ ၊ ဒါယိကာမများမှ ပွင့်ဖြူမြို့နယ် ပညာရေးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲသို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်အမှာစကား ပြောကြား

ပွင့်ဖြူ      ဩဂုတ်      ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီးဦးမြင့်ဆွေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းနှင့် ခရိုင်/မြို့နယ် အဆင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ဒါယကာ ၊ ဒါယိကာမများမှ ပွင့်ဖြူမြို့နယ်ပညာရေးဌာန အတွက် စုပေါင်းလှူဒါန်းသော     ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲ သို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို က မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်၀၁၈ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်မှုများကို အလေးထားလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ၊ ယနေ့ ပွင့်ဖြူမြို့နယ် ပညာရေးဌာနအတွက် ကိုဗစ်၀၁၉ ကာကွယ်ရေးသုံးအထောက်အကူ ပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးပါသော ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် တကွ အလှူရှင်များကို မိမိအနေဖြင့်များစွာကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်း ပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီးဥပဒေချုပ်ဦးဆန်းလင်း တို့က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရန် အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားပြီး ရွှေပါရမီပညာရေး ဖောင်ဒေးရှင်း (မကွေး)ဥက္ကဋ္ဌ ဦးအေးကိုကို က ပွင့်ဖြူမြို့နယ် ပညာရေးဌာန အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးရခြင်း၏ ရည်ရွယ်ချက်နှင့် လှူဒါန်းမည့်ပစ္စည်း အမျိုးအမည်များကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်ပညာရေးဌာနအတွက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက နှင့် ဒါယကာ ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများကို မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် တာဝန်ရှိသူများ ထံ ပေးအပ် လှူဒါန်းရာ ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးဝင်းတင်က အလှူရှင်များအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး က  COVID – 19 ရောဂါကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တာဝန်ရှိသူများ အဖွဲ့သည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန် ပုံငွေကျပ် (၈၁)သန်းဖြင့် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် မင်းဘူး - ပွင့်ဖြူ - စလင်းသွား မြို့ရှောင်လမ်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့ပြသန့်ရှင်း သာယာလှပစေရေးအတွက် အရှည်ပေ ၂၅၅၀ ပေ အား အကျယ် ၃ ပေ ၊ အနက် ၃ ပေ ၆ လက်မ အုတ်ရေနုတ်မြောင်း တူးဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 ရဲဝင်းနိုင် ( ညောင်ဦး )