Skip to main content

ချောင်းသာမြို့၊ ပုသိမ်မြို့နှင့် ရွှေသောင်ယံမြို့တို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ အပန်းဖြေခရီးသွားရောက်ခဲ့သည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၃

နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေသို့ မော်တော်ယာဉ်များဖြင့် နိုဝင်ဘာ ၁၈ ရက်က ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ အပန်းဖြေခရီး သွားရောက်ခဲ့ကြသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေရှိ ချောင်းသာအပန်းဖြေဧည့်ရိပ်သာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

ထိုသို့ နိုဝင်ဘာ ၁၈ ရက်မှ ယနေ့အထိ ၆ ရက်ကြာ အနားယူအပန်းဖြေခရီးသွားရောက်ခဲ့ကြသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေ၌ လမ်းလျှောက်ခြင်း၊ ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်၌ ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးအားကစားများဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ ချောင်းသာကမ်းခြေရှိ ဆုတောင်းပြည့်ဇမ္ဗူပတိရုပ်ပွားတော်၊ ကျောက်မောင်နှမစေတီတော်၊ တဂေါင်းမင်္ဂလာ မဟာစေတီတော်မြတ်ကြီး၊ ချောင်းသာမြို့ စကားဝါတောင်ပေါ်ရှိ ဒီပါအေးမြမဟာနဂါးရုံဘုရားနှင့် အနန္တဇိနလောကမာရ်အောင် စေတီတော်မြတ်ကြီးတို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာမြို့ စကားဝါတောင် မိုးကုတ်ဝိပဿနာရိပ်သာကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇနိယထံ အလှူငွေများဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ ပုသိမ်မြို့ရှိ လောကနန္ဒာစေတီနှင့် နှီးဘုရားတို့အား ဖူးမြော်ကြည်ညိုခြင်း၊ ပုသိမ်မြို့ရှိ ရွှေစာပုသိမ်ထီးလုပ်ငန်းသို့လေ့လာခြင်း၊ သဲဖြူကျွန်းသို့ လေ့လာခြင်း၊ ချောင်းသာမြို့ ရွှေသာယာမြို့မဈေး၊ သရက်တောထိုးမုန့် ပြုလုပ်ပုံလေ့လာခြင်း၊ ကမာခရုလက်မှု ပညာအားလေ့လာခြင်း၊ ရွှေသောင်ယံမြို့ Sea & Lake ရှိ ကျောက်စိမ်းပြတိုက်၊ သစ်ပန်းပု ပြတိုက်၊ ဒီရေတောတံတားတို့ကိုလေ့လာခြင်း၊ ပုသိမ်မြို့ရှိ ရွှေမြင်းပျံပုသိမ်ဟလဝါလုပ်ငန်း စသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ တန်ခိုးကြီးဘုရားစေတီများ၊ အထင်ကရနေရာများ၏ ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ အရာရှိ၊ စစ်သည်များအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် ဒေသန္တရဗဟုသုတများကို လေ့လာခဲ့ကြပြီး ၎င်းတို့အတွက် လွန်စွာအကျိုးရှိသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ အပန်းဖြေခရီးစဉ် သွားရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနှင့် စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်