ပုသိမ် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ခွင့်ပြုငွေ (ဒေသဖွံ့ဖြိုးရေးရံပုံငွေ) ဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို မြို့နယ်/ မြို့စည်ပင်သာယာရေး ကော်မတီများနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ လွှဲပြောင်းပေး အပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများ၊ စည်ပင်သာယာရေး ကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ပုံရိပ်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ပုံရိပ်ဖြစ်သကဲ့သို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေး လုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှသာ လုပ်ငန်းစွမ်း ဆောင်နိုင်ရည် ပုံရိပ် ထင်ရှား ပေါ်လွင်လာမည် ဖြစ်သည်။ ယခင်က မိမိတို့ဌာန လျာထားဘတ်ဂျက် ရန်ပုံငွေများဖြင့် စက်ယန္တရား များ ဝယ်ယူသုံးစွဲနေရသည့်အပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြည့်စွက်ခွင့်ပြုငွေ (ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) ဖြင့် ဖြည့်တင်းပြီး ဝယ်ယူခြင်းလည်းဖြစ်ကြောင်းနှင့် မြို့နယ်/မြို့ စည်ပင်သာယာရေးကောမတီသို့ ၄ ကြိမ်မြောက်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တစ်ကြိမ်တွင် ယာဉ်စီးရေ ၆၃ စီး၊ စက်ယန္တရား ၃၈ စီး၊ သုံးဘီးဆိုင်ကယ် ၅၆ စီး၊ စုစုပေါင်း ၁၅၇ စီး၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၅၁၇၆ သန်းကို တင်ဒါစနစ်ဖြင့် ဝယ်ယူ၍ လွှဲပြောင်းပေးအပ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယနေ့တွင် ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်ကြောင်း၊ ယနေ့လွှဲပြောင်း ပေးအပ်မည့် စက်ယန္တရားတွေကတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဖြည့်စွက်ခွင့်ပြုငွေ (ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) ငွေကျပ်(၁၀၉၈) သန်း တန်ဖိုးရှိ၊ ထွန်းနေဝန်းသစ္စာ ကုမ္ပဏီမှပေးသွင်းလာသည့် မြေတူးစက် ၂၀ တန် တစ်စီး၊ ၃.၅ တန် ၉ စီး၊ ၅.၅ တန် ၃ စီး၊ စုစုပေါင်း ၁၃ စီးဖြစ်ကြောင်း၊ စက်ယန္တရားတွေကို ထောက်ပံပေးနေသလို၊ စက်ယန္တရားတွေရဲ့ စွမ်းရည်ကိုအသုံးပြုပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့နယ်/မြို့စည်ပင်သာယာရေး လုပ်ငန်းများကို ပိုမိုဖော်ဆောင် လုပ်ကိုင်ကြရမည်ဖြစ်ပြီး၊ အချိန်မတိုင်ခင် ပျက်စီးယိုယွင်းမှုမရှိအောင် ယာဉ်၊ စက်ယန္တရားတွေရဲ့ ပြင်ဆင်ထိန်းသိမ်းမှုအပိုင်းကို မျက်ခြေမပြတ် ထိန်းသိမ်းဆောင်ရွက်သွားကြဖို့လည်း လိုအပ်ကြောင်း၊ သို့မှသာ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ရေရှည်ဖွံဖြိုးတည်တံအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်/မြို့စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများထံသို့ စက်ယန္တရားနှင့် ပတ်သက်သည့် စာရွက်စာတန်းများကို ပေးအပ်ရာ စည်ပင် သာယာရေး ကော်မတီများကိုယ်စား တိုင်းစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးဘုန်းလွင်က လက်ခံရယူပြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးနေထက်ရှိန် က ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။
ယနေ့ ထောက်ပံ့ပေးအပ်သည့် စက်ယန္တရားများကို ပုသိမ်မြို့နယ်အတွက် ၂၀ တန်မြေတူးစက် တစ်စီး၊ ငပုတော၊ ပန်းတနော်၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်း၊ ငွေဆောင်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ အမာ၊ ပြင်စလူ မြို့များအတွက် ၃ ဒသမ ၅ တန် မြေတူးစက် ၉ စီး၊ ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံတို့အတွက် ၅ ဒသမ ၅ တန်ရှိ မြေတူးစက် တစ်စီးစီကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ
မောင်မောင်မြင့်(ပြန်/ဆက်)