ရေကြည် ဩဂုတ်၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီမှ ရေကြည်မြို့နယ်အတွင်း စွန့်လွတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်ခြင်း ကို ယနေ့နံနက် ၁၀နာရီက ရေကြည်မြို့၊ ပြည်သူ့ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က “တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီအဆင့်ဆင့် အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ် ထားသော မူဝါဒ(၅၂)ချက်ဖြစ်သည့် နိုင်ငံတော်က သိမ်းဆည်းသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလမြေပိုင်ရှင် များက ပြန်လည် လျှောက်ထားသည့် ကိစ္စရပ်နှင့်စပ်လျဉ်းသည့် မူဝါဒ(၁၀)ရပ်၊ တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ(၃)ရပ်၊ သိမ်းဆည်းမြေများကို ပြန်လည်ပေးအပ်ရန် လျောက်ထားလာခြင်းများနှင့် စပ်လျဉ်း စီစစ်ရန် အချက်(၄)ချက်၊ စွန့်လွတ်နိုင်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ စီစစ်ရန် အချက်(၅)ချက်၊ သိမ်းဆည်းထားသည့် ဌာနမှ စွန့်လွှတ်သည့် သိမ်းဆည်းမြေများ နှင့်စပ်လျဉ်း၍ (၆)ချက်စွန့်လွှတ်သည့်မြေများ သက်ဆိုင်သူ လက်ဝယ် အမြန်ရောက်ရှိရေး လုပ်ငန်းစဉ်(၉)ရပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကော်မတီများမှ အလေးထား ဆောင်ရွက်ရန် အချက်(၁၅) ချက်တို့ နှင့်အညီ သိမ်းဆည်းခံလယ်ယာမြေများအား စီစစ်ဆောင်ရွက်ပြီး မူလတောင်သူများ သို့ မြေယာပြန်လည် ပေးအပ်ခြင်းများ၊ လျော်ကြေး၊ နစ်နာကြေး ပေးအပ်ခြင်းများကို မူလတောင်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး၊ မှန်မှန်ကန်ကန် ဖြစ်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးအနေဖြင့်လည်း မြေသိမ်းဥပဒေနှင့်အညီ သိမ်းဆည်းထားခြင်း မရှိသော လယ်မြေများကို မူလတောင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး ၊လျော်ကြေးနှင့် နစ်နာကြေးရရှိရေး၊ စွန့်လွတ်ပြီးမြေများကို မူလပိုင်ရှင်ထံသို့ အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရေး၊ မစွန့်လွတ်ရသေးသည့် သိမ်းဆည်းခံ လယ်ယာမြေများကို ကော်မတီအသီးသီးက အမြန်စီစစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပြီး လယ်မြေနှင့်အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒလုပ် ငန်းစဉ်များနှင့်အညီ အမြန်ဆုံးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီမှ ဆုံးဖြတ် ချက်ချပြီး လျော်ကြေးနှင့်နစ်နာကြေးရရှိရေး၊ စွန်လွတ်ပြီးမြေများကို မူလပိုင်ရှင်ထံသို့ အမြန်ဆုံး ပေးအပ်နိုင်ရေးနှင့်ပတ်သက်၍ ရေကြည်မြို့နယ် မြို့မရပ်ကွက်နှင့် ဆရာစံရပ်ကွက်ရှိ တောင်သူ(၃၄) ဦးအတွက် ဧက(၁၆၅.၆)ဧကနှင့် စက်မှုသီးနှံ(ရေနံ့သာစိုက်ကွင်းမှစွန့်လွှတ်မြေ (၁၂၉၉.၈၈) ဧက အနက် တောင်သူ(၂၆၆)ဦးအတွက် ဧရိယာ(၁၀၀၀.၄၇)ဧက အား ပုံစံ(၃)များ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မြေပြင်တွင်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မှုအရ ရေနံသာစိုက်ကွင်းမှ စွန်လွတ်ရန်ကျန်ရှိသည့် ဧရိယာ (၂၉၉.၄၁)ဧကအား အကျိုးခံစားခွင့်ရှိသူ တောင်သူ(၆၉)ဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီမှ မြေပြန်လည်ပေးရန် ဆုံးဖြတ်ချက်ချပြီးဖြစ်သည့် အမှုတွဲ(၄)ခုရှိ ဧရိယာ (၂၂.၉၉၇)ဧကမှ တောင်သူ(၄)ဦး စုစုပေါင်း တောင်သူ(၇၃)ဦးအတွက် ဧရိယာ(၃၂၂.၄၀၇)ဧကအား ယနေ့တွင် ပုံစံ(၃) ပေးအပ်သွား မည်ဖြစ်ကြောင်း၊ မူလပိုင်ရှင်များအနေဖြင့်လည်း မိမိတို့၏ သာယာဝပြောသောဘဝကို ပိုင်ဆိုင် နိုင်ပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံသို့ လွှဲပြောင်းပေးအပ်ရာတွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က စိုက်ပျိုးရေးဦးစီးဌာန ရေနံ့သာစိုက်ကွင်းမှ စွန့်လွှတ်မြေ(၂၉၉.၄၁)ဧကအား မကျဉ်းလဟာ ကျေးရွာအုပ်စုရှိ တောင်သူများကိုယ်စား တောင်သူ ကိုယ်စားလှယ် ဦးကျော်ဝင်းထံသို့လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်းက ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက်နေ ဒေါ်ခင်မျိုးဝင်းထံသို့လည်းကောင်း၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စီစစ်ရေး ကော်မတီအတွင်းရေးမှူး ဦးသန်းဆွေဝင်းက ကျားချောင်ကျေးရွာအုပ်စု ကျုံပျော်-ရေကြည်၊ ကြာအင်းကျား ချောင်ဖြတ်လမ်းအတွက် ကျားချောင် ကျေးရွာအုပ်စုနေ ဦးခင်ဝင်းထံသို့လည်းကောင်း ယာယီလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၃)များကို အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက် တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် ဦးကျော်ဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)