မင်းကင်း သြဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ Less Walk Organization နှင့် ဇမ္ဗူသီရိ ကျောက်မျက်ရတနာကုမ္ပဏီတို့မှ စက်ဘီးပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေပြည်တန်ဘိုးဘွားရိပ်သာ ပြည်တန်ရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး အလှူရှင်များကိုယ်စား ဦးသန်းဌေးက စက်ဘီးများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၂၇) ကျောင်းတို့အတွက် စက်ဘီး (၁၇၀)စီးကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက လက်ခံရယူ ခဲ့ကြသည်။ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာကြီး ဦးပွင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
လှငွေ(မင်းကင်း)