မန္တလေး သြဂုတ် ၂၆
မန္တလးတိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်မှုများပြားသည့် ဒေသများမှ လာရောက်သူများမှ တစ်ဆင့် ရောဂါလက္ခဏာမပြဘဲ ကူးစက်များရှိမည်ဟု ခန့်မှန်းထားသောကြောင့် COVID-19 ရောဂါ ကာကွယ်ရေး အတွက် ပြည်သူများပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။
COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရက အသိပေး ထုတ်ပြန်ချက် တစ်စောင်ကို သြဂုတ် ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကလည်း “ရပ်ကွက်တွေထဲအထိ လိုက်လံအသိပေးနှိုးဆော်နေပေမယ့် ၆၀ ရာခိုင်နှုန်းလောက်ပဲ mask တပ်တာတွေ့ပြီး အပြင်ထွက်သူများနေပါသေးတယ်။ အရေးမယူချင်ပေမယ့် တိတိကျကျ အရေးယူမှ လိုက်နာလာကြမယ့် အနေအထားပါ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။
ထို့အပြင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ နှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး မဖြစ်မနေမှသာ နေအိမ်အပြင်သို့ သွားလာကြရန်နှင့် သွားလာရာတွင်လည်း Mask ကို စနစ်တကျလုံခြုံစွာ တပ်ဆင်သွားလာရန် ထုတ်ပြန်ကြေညာထားသည်။
ဖြိုးအိ