Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကျင်းပ

 

နေပြည်တော် ဩဂုတ် ၂၅

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး ၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာရှိ ဆယ်ပလာ ကျန်းမာရေးဌာန (ခွဲ) ဝန်ထမ်းအိမ်ရာအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၂၀ - ၂၀၂၁ခုနှစ်၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေ ရင်းဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများအတွက် စီမံကိန်းလုပ်ငန်း အဆင့် ဆင့်ဆောင်ရွက်ပြီး ဖြစ်နေ ပါသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ပေးနိုင်ခြင်း မရှိပါသော်လည်း ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ် ၏ ယနေ့အချိန်တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသော ပုံနှိပ်မီဒီယာများ ဈေးကွက်တွင် အရှုံးပေါ်ကာ ဆက်လက်ထုတ်ဝေရန် မတတ်နိုင်တော့ဘဲ တစ် စောင်ပြီး တစ်စောင်ပိတ်သိမ်းရပ်စဲ နေကြရပါသဖြင့် ပုံနှိပ်မီဒီယာလောက ပြန်လည် ထူမတ် လာစေရန် အတွက် မည်သို့ ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ယနေ့အချိန်တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသောပုံနှိပ် မီဒီယာ များ ဈေးကွက်တွင် အရှုံးပေါ်ကာ ဆက်လက်ထုတ်ဝေနိုင်ရန် မတတ်နိုင်တော့ဘဲ တစ်စောင်ပြီး တစ်စောင် ပိတ်သိမ်း ရပ်စဲနေကြသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း၊ သို့သော် ယင်းပြဿနာသည် မြန်မာနိုင်ငံပုံနှိပ် မီဒီယာ လောကတစ်ခု တည်းတွင် ကြုံတွေ့နေရခြင်း မဟုတ်ဘဲ နိုင်ငံတကာ ပုံနှိပ်မီဒီယာ လောက တစ်ခု လုံးက ရင်ဆိုင်နေရသည့် ဘုံစိန်ခေါ်မှုကြီး တစ်ခုဖြစ်သည်ကို ဦးစွာတင်ပြလိုပါကြောင်း။

ယခုမြန်မာနိုင်ငံ၏ လက်ရှိပုံနှိပ်မီဒီယာများ အခြေအနေကို အနည်းငယ် ရှင်းလင်း တင်ပြခွင့်ပြုစေ လိုပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ အရ ၂၀၂၀ ပြည့်နှစ် ဇူလိုင် လကုန်အထိ သတင်းစာ (၄၇)စောင်၊ ဂျာနယ် (၅၈၉)စောင်၊ မဂ္ဂဇင်း (၄၉၄) အုပ်၊ အထွေထွေထုတ်ဝေ ခြင်း လုပ်ငန်းရှင် (၁၇၅၃)ဦးတို့နှင့် အင်တာနက်အသုံးပြုပြီး သတင်းဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်သည့် အွန်လိုင်း သတင်းအေဂျင်စီလုပ်ငန်း (၃၀၉) ခုတို့ကို ခွင့်ပြုထားရှိခဲ့ပြီး ဖြစ်ပါကြောင်း။

သို့သော် လက်ရှိအခြေအနေတွင် သတင်းစာ (၂၃)စောင်၊ ဂျာနယ်စောင်ရေ (၆၀)၊ မဂ္ဂဇင်း (၂၃)အုပ်တို့သာ ဈေးကွက် တွင် ရပ်တည်လျက်ရှိသည်ကို တွေ့ရ သည့်အတွက် ပုံနှိပ်မီဒီယာများ ထိခိုက်ကျဆင်းလာ နေသည် မှာ သိသာထင်ရှားပါကြောင်း၊ အွန်လိုင်း သတင်းအေဂျင်စီလုပ်ငန်းများတွင် (၃၂၁)ခု အထိလည်ပတ် လုပ်ကိုင် လျက်ရှိသည်ကိုတွေ့ ရပြီး အွန်လိုင်းသတင်းမီဒီယာများမှတစ်ဆင့် ပြည်သူအများ ၏ သတင်းအချက်အလက် ရယူသုံးစွဲမှု တိုးတက်လာနေသည်ကိုလည်း တွေ့ မြင်နိုင်ပါကြောင်း။

ယခုဆက်လက်ပြီး စက္ကူအသုံးပြု ပုံနှိပ်သတင်းစာလုပ်ငန်း ကျဆင်းလာရပုံကို အနည်းငယ်သုံးသပ် တင်ပြ လိုပါကြောင်း၊ ပုံနှိပ်သတင်းစာများ ရပ်တည်ရေးအတွက် အဓိက ဝင်ငွေကို သတင်းစာများ ရောင်းချခြင်းနှင့် သတင်းစာတွင် ဖော်ပြသည့်  ကြော်ငြာများမှရရှိပါ ကြောင်း၊ ပြည်သူအများစုက သတင်းအချက်အလက် ရှာဖွေ ဖတ်ရှုခြင်းကို ပုံနှိပ်မီဒီယာများ ထက် ဘက်ပေါင်းစုံမှ သာလွန်ကောင်းမွန်သည့် အွန်လိုင်းမီဒီယာ များ ပေါ် တွင် ပိုမိုပြုလုပ်လာ ကြသဖြင့် သတင်းစာရောင်းချရာတွင်ရရှိသည့် ဝင်ငွေများစွာ ကျဆင်းခဲ့ ရပါ ကြောင်း။

စီးပွားရေးကြော်ငြာ အများစုမှာလည်း ကုန်ကျစရိတ်များစွာသက်သာပြီး စည်းကမ်း တင်းကျပ်မှု လျော့နည်းကာ သုံးစွဲသူ လျင်မြန်စွာ တိုးပွားလာနေသည့် အွန်လိုင်းမီဒီယာ များသို့ ပြောင်းရွှေ့ သွားကြသည့် အတွက် ကြော်ငြာများမှ ရရှိသည့် ဝင်ငွေသည်လည်း များစွာ ကျဆင်းလာရခြင်းဖြစ်ပါကြောင်း၊ အကျိုးဆက် အနေဖြင့် ကိုယ်စားလှယ်တော်ကြီး တင်ပြသွား သကဲ့သို့ ပုံနှိပ်သတင်းစာများ စီးပွားရေးအရ မရပ်တည် နိုင်ကြတော့ဘဲ တစ်စောင်ပြီး တစ်စောင် ပိတ်သိမ်းရပ်တန့် သွားခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေလျက်ရှိသည့် နိုင်ငံပိုင်သတင်းစာများသည်လည်း ယင်းစိန်ခေါ်မှုကြောင့် ဝင်ငွေများ စွာကျဆင်းခဲ့ရပါကြောင်း။

ကမ္ဘာတစ်ဝန်း ယခုကဲ့သို့ ပုံနှိပ်မီဒီယာများ ကျဆင်းသွားခဲ့ရသည့်အကြောင်းရင်းကို ဆန်းစစ်ကြည့်ပါက ဒီဂျစ်တယ် နည်းပညာ တစ်ဟုန်ထိုးတိုးတက်လာပြီး တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမို ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိနိုင် ပါကြောင်း၊ အနာဂါတ်တွင် နည်းပညာများ ယခု ထက်ပိုမိုတိုး တက်ကောင်းမွန် လာမည်ဖြစ်၍ ပုံနှိပ်မီဒီယာများအနေဖြင့် ယခုထက်ပိုမိုကြီးမားသည့် နစ်နာဆုံးရှုံး မှုများ မလွဲမသွေ ကြုံတွေ့ လာကြရမည်ဖြစ်ပါကြောင်း။

ယခုနှစ်အစောပိုင်းတွင် ကမ္ဘာအနှံ့ပြန့်ပွားလာခဲ့သည့် COVID – 19 ကူးစက်ကပ် ရောဂါ ဟန့်တား ကာကွယ်ရေး အတွက် လူများသွားလာနေထိုင်မှုကို ကန့်သတ်မှုများ ရှိလာခဲ့ခြင်းက နိုင်ငံတကာတွင် ပုံနှိပ် မီဒီယာများ၏ ကျဆင်းမှု ပိုမိုလျင်မြန်စေခဲ့သည်ကို တွေ့ရှိခဲ့ရပါ ကြောင်း၊ အခြားတစ်ဖက်တွင် ဒီဂျစ်တယ် နည်းပညာအခြေခံ သည့် Online Media (ခေါ်) New Media (မီဒီယာအသစ်) များ၏အခန်းကဏ္ဍသည်  တစ်နေ့ တစ်ခြား ပိုမိုကျယ်ပြန့်လာနေပြီး ရှေ့ဆက်၍လည်း ပိုမိုအရေးပါလာမည်ဖြစ်ပါကြောင်း၊ ထင်ရှား သည့် သာဓကအဖြစ်တစ်ခု တင်ပြရပါက မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး New Media Platform တစ်ခုဖြစ်သည့် Facebook ဟုခေါ်သည့် Social Media အသုံးပြုသူ အရေအတွက်သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါ ရီလကုန်တွင် (၂၂)သန်းကျော်ရှိခဲ့ရာမှ နောက်(၆)လအကြာ ဇူလိုင်လကုန်တွင် (၂၈)သန်း ကျော် အထိ တစ်ဟုန်ထိုးတိုးတက်လာ ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တစ်နည်းပြော ရပါက နိုင်ငံလူဦးရေ၏ ထက်ဝက် ကျော် အထိ Facebook Social Media ကိုသုံးစွဲလျက်ရှိသည် ကို နိုင်ငံတကာသုတေသနအစီရင် ခံစာများ အရ သိရှိရပါကြောင်း။

နိုင်ငံတကာတွင် ပုံနှိပ်မီဒီယာအများအပြားသည် မီဒီယာအသစ်သို့ကူးပြောင်း သွားခဲ့ကြပြီး ဖြစ်ပါကြောင်း၊ အချို့လည်း ပုံနှိပ်မီဒီယာနှင့် မီဒီယာအသစ်ကိုပူးတွဲ လုပ်ကိုင် လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအတွင်း အွန်လိုင်းမီဒီယာအဖြစ် စတင်ထူထောင်ပြီး အောင်မြင်စွာ လည်ပတ်နေကြသည့် မီဒီယာအချို့ တွေ့မြင်လာ ရသကဲ့သို့ ယခုအချိန် အထိ ကြံ့ကြံ့ခံရပ်တည်နေကြသည့် ပုံနှိပ်မီဒီယာအချို့ကလည်း မီဒီယာအသစ်အဖြစ် ကူးပြောင်းရန် ကြိုးပမ်းအားထုတ်နေကြသည်ကို တွေ့ရသည့် အတွက် ဝမ်းသာအားရ ဖြစ်ရပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ပုံနှိပ်မီဒီယာများ လည်း မီဒီယာအသစ်ကို ပူးတွဲ ဆောင်ရွက် လျက်ရှိပါကြောင်း။

ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရမည်ဆိုပါက အရှိန် အဟုန်ဖြင့် ကျဆင်း လာနေသည့် ပုံနှိပ်မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်စေရန် ကြိုးစား ခြင်းထက် တစ်ဟုန်ထိုး တိုးတက် လာနေသည့် မီဒီယာသစ်အသွင်ဖြင့် ဆက် လက်ရှင်သန် နိုင်အောင်စနစ်တကျ ကြိုးစားဆောင်ရွက်ခြင်းသည် မြန်မာ့မီဒီယာလောကကို ဆက်လက်ရှင် သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသော တစ်ခုတည်းသော နည်းလမ်းဖြစ် သည်ဟု အကြံပြုလိုပါကြောင်း။

ယင်းသို့ဆောင်ရွက်ရာတွင် ပုံနှိပ်လုပ်ငန်းနှင့် မီဒီယာလုပ်ငန်းကို ခွဲခြားစဉ်း စားရန် လိုအပ်ပါကြောင်း၊ ပုံနှိပ် လုပ်ငန်းဆိုသည်မှာ မီဒီယာလုပ်ငန်းလုပ်ကိုင်သည့် Platform တစ်ခုသာဖြစ်ပါကြောင်း၊ ဒီဂျစ်တယ် နည်းပညာ တိုးတက် ပြောင်းလဲလာ သည့်အတွက် အသစ်ဖြစ်ပေါ်လာသည့် Platform အသစ်ဖြစ်သော Online  သို့ မီဒီယာလုပ်ငန်းက ကူး ပြောင်းသွားခြင်းသာ ဖြစ်ပါကြောင်း၊ ကျဆင်းခဲ့သည်မှာ မီဒီယာ လုပ်ငန်း မဟုတ်ပါ ကြောင်း၊ ကျဆင်းခဲ့သည်မှာ ပုံနှိပ်လုပ်ငန်းသာ ဖြစ်ပါကြောင်း၊ သို့သော်မြန်မာပြည် တွင်း မှ အွန်လိုင်းမီဒီယာလုပ်ကိုင်သူများသည် ထိုက်သင့်သည့် အကျိုးအမြတ် မရရှိ နိုင်သေး သည်ကို တွေ့ရ ပါကြောင်း၊ ယင်းကို Facebook, Youtube, Google စသည့် Platform ပိုင်ရှင်များနှင့် ပြည်တွင်းမှ Telecom Operator လေးဦး စသည်တို့ကို  ညှိနှိုင်းဆွေးနွေးပြီး ထိုက်သင့်သည့် အမြတ်ဝေစုရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ် တင်ပြသွားခဲ့သည့် အစိုးရမီဒီယာများမရှိအပ် ဘူးဆို သည့်ကိစ္စကို အနည်းငယ် ရှင်းလင်းခွင့်ပြုစေလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်သည် များစွာ နုနေသေးပါကြောင်း၊ မိမိတို့ သည် မူလက ဒီမိုကရေစီ နှင့် မီဒီယာလွတ်လပ်ခွင့် ခိုင်မာခဲ့သော်လည်း ၁၉၆၂ ခုနှစ် ကစပြီး ဒီမိုကရေစီ နှင့် သတင်းမီဒီယာလွတ်လပ်ခွင့် (၂) ခုစလုံးသည် ဆိတ်သုဉ်းခဲ့ပါကြောင်း၊ မိမိတို့ ယခု တစ်ကြော့ပြန် ဒီမိုကရေစီအနေဖြင့် (၁၀)နှစ်ခန့်သာရှိပါကြောင်း၊ မီဒီယာလုပ်ငန်းသည် လည်း (၇)နှစ် သားခန့်သာ ရှိပါကြောင်း။

တစ်ချိန်တည်းတွင် မိမိတို့၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် စိန်ခေါ် မှု များပြားပါကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်မီဒီယာသည် တစ်စုံတစ်ရာသော အတိုင်း အတာဖြင့် တည်ရှိသင့်ပါကြောင်း၊ မြန်မာနိုင်ငံ အကြောင်း ကမ္ဘာကိုတင်ပြသည့် Myanmar Nerrative ကို လတ်တလောတွင် ပုဂ္ဂလိက မီဒီယာများ အနေဖြင့်လည်း ဆောင်ရွက်နိုင် စွမ်းမရှိသေးပါ ကြောင်း၊ သို့သော် ပုဂ္ဂလိကမီဒီယာကို ပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကမီဒီယာ ခိုင်မာရင့်သန်လာသည့်တစ်နေ့တွင် နိုင်ငံပိုင်မီဒီယာသည် တဖြည်းဖြည်း နောက်ဆုတ်သွား မည်ဖြစ်ပါကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ်က ပြောသွားပါကြောင်း၊ တချို့နိုင်ငံ များတွင် နိုင်ငံပိုင်မီဒီယာမရှိဘူးဆိုခြင်းမှာ သေချာ သုံးသပ်ကြည့်ပါက အပြည့်အဝမမှန်ကန်ဟု ယူဆ ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာသည် ပုံစံတစ်စုံတစ်ရာဖြင့် ရှိကြပါကြောင်း၊  ဒီမိုကရေစီ နိုင်ငံကြီးများတွင် လည်း ရှိကြပါကြောင်း၊ သို့သော်  ပုံစံတစ်စုံတစ်ရာဖြင့် ရှိကြပါကြောင်း၊ အသွင်အမျိုးမျိုးဖြင့် ရှိကြပါ ကြောင်း၊ အနည်း ဆုံး Public Service Media ဟုခေါ်သည့် နိုင်ငံတော်က ဘဏ္ဍာငွေ ကြေးထောက်ပံ့ပေးပါကြောင်း၊ သို့သော် မီဒီယာ၏ မူဝါဒကို ဝင်ရောက် စွက်ဖက်ခြင်း မရှိပါကြောင်း၊ ယင်းကို ဗဟုသုတအဖြစ် တင်ပြလိုပါကြောင်း၊ နိုင်ငံပိုင်မီဒီယာသည်လည်း အသွင်ကူးပြောင်းရေးကာလတွင် တစ်စုံတစ်ရာအထိ ရပ်တည်ရန် လိုအပ်သည်ကို တင်ပြ လိုပါကြောင်း။

ယခုကဲ့သို့ အသွင်ကူးပြောင်းဆောင်ရွက်ရာတွင် ကြုံတွေ့လာရမည့် ပြဿနာ အခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အခြား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ် လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပညာရှင်များ စသည်တို့ဖြင့် ချိတ်ဆက်လျက် လိုအပ် သည်များကို  ပူးပေါင်းညှိနှိုင်း ကူညီဆောင်ရွက်ပေးနိုင်ရန် အဆင့်သင့်ရှိပါကြောင်း ဖြေကြား သည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ ၏ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးများတွင် ဦးစီးအရာရှိ ရာထူးအဆင့်ရှိ ဝန် ထမ်းများနှင့် ခရိုင်ရုံးများတွင် လက်ထောက် ညွှန်ကြားရေးမှူး ရာထူးအဆင့်ရှိ ပုဂ္ဂိုလ်များ တာဝန်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ၂၀၂၀ ပြည့် နှစ် ဩဂုတ် ၃၁ ရက်နေ့အထိတိုင်းဒေသကြီး/ ပြည်နယ်ရုံး(၁၇)ရုံး၊ ခရိုင်ရုံး (၇၄)ရုံး၊ မြို့ နယ်ရုံး (၂၅၆)ရုံးနှင့် မြို့ရုံး(၈၇)ရုံး စုစုပေါင်း (၄၃၄)ရုံးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိပြီး ခရိုင်အဆင့် ဌာန အကြီး အကဲ တာဝန်ကို ဦးစီးအရာရှိ ရာထူးဖြင့်လည်း ကောင်း၊ မြို့နယ်အဆင့်ဌာနအကြီး အကဲတာဝန်ကို ဒုတိယဦးစီးမှူး ရာထူးဖြင့်လည်းကောင်း ခန့်အပ်တာဝန်ပေးလျက်ရှိပါ ကြောင်း။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊မြို့နယ်နှင့် မြို့ရုံး များသည် ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ် ပေးသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ရည်မှန်း ချက်တာဝန် များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အောက်ခြေတွင် အဓိကတာဝန်ယူ ရသူများ ဖြစ် သည့်အပြင် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်က ပေးအပ်သည့် စီးပွား ရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေးကဏ္ဍ များတွင်လည်း အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက် ရှိကြပါကြောင်း၊ ယင်းဦးစီးဌာန အနေဖြင့် တိုးတက်ပြောင်းလဲ လာသည့် အခြေအနေများနှင့်အညီ လုပ်ငန်းတာဝန်များကို အဆင့်နှင့် လျော်ညီသည့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရေး အတွက် ခရိုင်အဆင့် ဌာနအကြီးအကဲတာဝန်ကို လက်ထောက်ညွှန်ကြားရေးမှူး ရာထူးအဆင့် ဖြင့်လည်းကောင်း၊ မြို့နယ်အဆင့် ဌာနအကြီး အကဲတာဝန်ကို ဦးစီးအရာရှိရာထူးဖြင့် လည်းကောင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်း နိုင်ရေး အတွက်လုပ်ထုံးလုပ်နည်းများနှင့် အညီ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၆ ရက် တွင် အဆိုပြုညှိနှိုင်းခဲ့ပါကြောင်း။

ယခုအခါ နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၀ ရက်တွင် အမိန့်ကြော် ငြာစာအမှတ် (၆၈/၂၀၂၀) ဖြင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စများအား ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ တိုးချဲ့ ပြင်ဆင်ရန် ကိစ္စများကို ယင်းအမိန့်ကြော်ငြာစာ နှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ် ပါကြောင်း ဖြေကြား သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ် က  ဆက်စပ်မေး ခွန်းအဖြစ် ဒီဂျစ်တယ် မီဒီယာသို့ ပုံနှိပ်မီဒီယာများ မပြောင်းလဲနိုင်မီ ကာလတွင် နိုင်ငံ တော်အနေဖြင့် မည်သို့ ကူညီပံ့ပိုးပေး နိုင်မည်ကို သိရှိလိုခြင်း မေးခွန်းအပေါ် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က မိမိတင်ပြခဲ့သည့်အတိုင်း ဒီဂျစ်တယ်မီဒီယာကို ယခုအခါတွင် မြန်မာမီဒီယာ အများစု အရှိန်အဟုန်ဖြင့် ပြောင်းလဲလျက်ရှိပါကြောင်း၊ တချို့ မီဒီယာအသစ် များသည် ပုံနှိပ်မှ မစတင်တော့ဘဲ အွန်လိုင်းမီဒီယာအဖြစ် စတင် လည်ပတ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပုံနှိပ်မီဒီယာတချို့ကျန်ရှိနေသည်မှာ ပုံနှိပ် ခြင်းနှင့် မီဒီယာလုပ်ငန်း တွဲ၍ လည်ပတ် နေခြင်းဖြစ်ပါကြောင်း၊ ယင်းပုံနှိပ်လုပ်ငန်းကို ကူညီရန်အတွက် မိမိတို့ ဆောင်ရွက် နေသည့် ကိစ္စရပ် များရှိပါကြောင်း၊ ဥပမာအနေဖြင့် Covid Relief နှင့်ပတ်သက်သည့် အထူးချေးငွေများ ပေးသည့် ကိစ္စနှင့် အခွန်အကောက်များ လျော့ပေးသည့်ကိစ္စများ ရှိပါ ကြောင်း၊ ယင်းကိစ္စရပ်များကို လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်း ရှင်များနှင့်ညှိနှိုင်းတိုင်ပင်ပြီး မိမိတို့ ပြန်ကြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားလာ မည်ဆိုပါက လိုအပ်သလိုချိတ်ဆက် ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေ ကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း ၏ မောင်တော မြို့နယ်၊ (ဒု) ချီးရားတန်း ကျေးရွာ အုပ်စုအတွင်း ဗောဓိကုန်း လျှိုပိတ်ဆည်ငယ် တည်ဆောက်ရာ၌ ဗောဓိကုန်းကျေးရွာ နှင့် ကံသာယာ ကျေးရွာတို့မှ သိမ်းဆည်းရာတွင် ပါဝင်သော လယ်ယာ မြေနှင့် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းအား လုပ်ထုံး လုပ်နည်းနှင့်အညီ လျော်ကြေး၊ နှစ်ရှည်ပင်အတွက် နစ်နာကြေး မြေပြန်လည်အစား ထိုး ဖြေရှင်း ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဗောဓိကုန်း လျှိုပိတ်ဆည် ရေဝပ်ဧရိယာအတွင်း ပါဝင် သွားသော လယ်မြေဧက ၁၆ ဒသမ ၅ ဧက အတွက် မိမိတို့ဝန်ကြီးဌာန၊ ဆည်မြောင်း နှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် နစ်နာကြေး၊ လျော်ကြေးပေးန်ိုင်ရေးကို ခရိုင်၊ ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့ တင်ပြပြီး ထိုမှတဆင့် ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့သို့ဆက် လက်တင်ပြ စီမံဆောင် ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့်လည်း ရေဝပ်ဧရိယာအတွင်း ပါဝင်သွား သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧရိယာ ၄ ဒသမ ၅ ဧကအတွက် လက်ရှိ တည်ထောင် ဆောင်ရွက်လျက်ရှိသည့် ဧရိယာနှင့် တစ်ဆက်တစ်စပ် တည်းခွင့်ပြုနိုင်မည့် မြေဧရိယာရှိပါက အစားထိုး ခွင့်ပြုနိုင်ရေး စိစစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားသည်။

 အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ “အမြင့်” မြို့ဟောင်းသည် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းအမျိုးမျိုးတို့အား နေရာ အတည်တကျ ဂုဏ်ယူပြသထားရှိနိုင်ရန် အမြင့်မြို့ ဟောင်း ယဉ်ကျေးမှုပြတိုက် အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အမြင့်မြို့ ဟောင်း၏ အထိမ်းအမှတ်မင်းလက်ဝါး၏ ရုပ်ထုပုံတော် စိုက် ထူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

 ထို့ပြင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ ၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာအုပ်စု၊ သစ်တောကျေးရွာ အား ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောမြေ အဖြစ်မှ ပယ်ဖျက်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန အမည်ပေါက် ကျေးရွာအဖြစ် ပြင်ဆင် ဖွဲ့စည်း ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတောင်ကျေးရွာအုပ်စု၊ ငလှမ်းပြင် ကျေးရွာအုပ်စု၊ စံဂိုး တောင်ကျေးရွာအုပ်စု၊ နွားရုံတောင် ကျေးရွာတို့အား မူလအမည်မှန်ဖြစ် သည့် စည်တောင်ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာအုပ်စု၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ အောင်ဇေယျ ကျေးရွာအဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည် ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးတင်ဝေ ၏ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင် ကျေးရွာ၊ အင်းလေးမြိုင်ရပ်ကွက်၊ စက်မှုဇုန် အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံများအား အပြီးအပိုင်ပိတ်သိမ်းရန် အစီအစဉ် ရှိ/မရှိ နှင့် နှစ်စဉ် နိုင်ငံတော်သို့ အခွန်မည်မျှ ထမ်းဆောင်နေရသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က လည်းကောင်း ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ် တော်က အတည်ပြုပြီး ပေးပို့ ထားသော ၁၉၅၉ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ခြင်းမပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက်ပေးပို့လာခြင်းကို အသိပေးတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ ၏ ၂၀၁၈ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက်အထိ လုပ်ငန်းဆောင် ရွက်မှု အခြေအနေ အစီရင်ခံစာကို မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ အတွင်း ရေးမှူး ဦးစိုးဝင်းက  က လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးပြီး  ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်း သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှုအခြေအနေ အစီရင်ခံစာကို လွှတ်တော် က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ် သမားဆိုင်ရာ ကော်မတီ၏ ၂၀၁၈ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၃ ရက်အထိ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေ က ဆွေးနွေးသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး က လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးပြီး  ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်း သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘော မတူသူမရှိသည့်အတွက် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာ သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုး သားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ၏ အစီရင်ခံ စာနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာ ရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော် မတီ ဝင် ဦးထိန်ဝင်း က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ် မြောက် ပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၂၀) ကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဩဂုတ် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်