ဒေါက်တာရဲဒွေး၊ ရုပ်သေးလုပ်ငန်း
အကဲဖြတ်အဖွဲ့ခေါင်းဆောင်
(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ဆက်လက်ကျင်းပနိုင်မှု အပေါ်မှာ ကျွန်တော်တို့ကတော့ အနုပညာမြတ်နိုးတဲ့သူတွေ၊ အနုပညာရှင်တွေ လည်းဖြစ်တယ်။ ကိုယ်မြတ်နိုးတဲ့ ကိုယ့်ရဲ့ယဉ်ကျေးမှုအနုပညာကို တိုးတက်မြင့်မား ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းသာလို့မဆုံးပါဘူး။ အနုပညာ ဆိုတာဇာတ်ညွှန်း၊ ဇာတ်လမ်းအပေါ်မှာလည်း မူတည်တယ်။ အသံသမားတွေ၊ ကြိုးဆွဲသမားတွေ၊ ဆိုင်း၊ စာရေးသားမှုတွေအပေါ်မှာလည်း မူတည်တယ်ဆိုတော့ အဲဒီအပေါ်မှာပဲ မူတည်အမှတ်ပေးပြီး ပထမ၊ ဒုတိယ၊ တတိယဆိုတဲ့ဆုတွေ သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ အနုပညာရပ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းဖို့ အတွက်ကတော့ အမြဲတမ်းလိုနေတာပါ။
ဒီလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေ ကျင်းပပေးနေတဲ့ ရည်ရွယ်ချက်က ဒါတွေအတွက်လည်းပါတယ်။ အဲဒီရည်ရွယ်ချက်ထဲမှာ ပိုပြီးတော့ အထိရောက်ဆုံးသော အကောင်းမွန်ဆုံးသောနည်းလမ်းက နိုင်ငံတော်ကနေ နှစ်တိုင်းလို ကျင်းပပေးသင့်ပါတယ်။ တစ်နည်းအားဖြင့် တိုင်းပြည်အကျိုး၊ ပြည်သူတွေအကျိုး၊ တစ်နည်းအားဖြင့်လည်း ယဉ်ကျေးမှုအနုပညာတွေအတွက် မြန်မာမှုကိုထိန်းသိမ်းပေးရာ မြှင့်တင်ပေးရာလည်းရောက်ပါတယ်။ အရေးကြီးတာက လူငယ်ပိုင်းမှာ နံပါတ်တစ်ကိုယ့် အကြောင်းကိုယ်သိဖို့လိုတယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ ကိုယ့်ရဲ့အနုပညာ၊ ကိုယ့်ရဲ့စာပေတွေဟာ အဆင့်အတန်း မြင့်မားတယ်ဆိုတာ သိဖို့၊လေ့လာဖို့လိုတယ်။
မြန်မာ့ယဉ်ကျေးမှုတွေရဲ့ အဆင့်အတန်းဟာ ကမ္ဘာမှာဆိုရင် ကျွှန်တော်တို့ သဘင်နဲ့ပတ်သက်လို့ ဖိုဘီယန်ဘားဝါးဆိုတဲ့ အမေရိကန်စာရေးဆရာ တစ်ယောက်က “အရှေ့တိုင်းဇာတ်သဘင်” ဆိုတဲ့စာအုပ်ထဲမှာ ဘယ်လိုရေးထားလဲဆိုတော့ “၁၈ ရာစုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော သဘင်ဆိုင်ရာဝန်ကြီးနှင့် ဝန်ကြီးဌာန ခန့်အပ်တည်ထောင်တဲ့ နိုင်ငံဖြစ်လာသည်” ဆိုပြီးတော့တောင်ဖော်ပြခြင်းခံခဲ့ရပါတယ်။
ဒေါ်သင်းသင်းမြတ်
အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ
အခုနှစ်ပြိုင်ပွဲမှာ လူငယ်မျိုးဆက် သစ်တွေပိုမိုပြီးတော့ ပါဝင်ယှဉ်ပြိုင် လာကြတဲ့အပေါ်မှာ သိပ်ကျေနပ်ပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့လည်း ကိုယ့်အမွေအနှစ်တွေကို ထိန်းသိမ်းနိုင်ဖို့ အလွန်အရေးပါပါတယ်။ ဂီတပျောက်ရင် လူမျိုးပျောက်တယ် ဆိုတဲ့စကားရှိတယ်။ ကိုယ့်လူမျိုးရဲ့ မြန်မာ့ဂီတ မြန်မာ့ဟန် မြန်မာ့အသံ မြန်မာလူမျိုးတို့ရဲ့ ဂုဏ်ယူဖွယ်ရာဖြစ်တဲ့ မဟာဂီတသီချင်းကြီး၊ သီချင်းခံတွေ ဗမာသံစစ်စစ်တွေ ထိန်းထားပေးတဲ့အတွက် အများကြီးကျေနပ်ပါတယ်။ အခုလက်ရှိမှာ ပညာရှင်တွေဟာလည်း ရှားကုန်ပါပြီ။ ဒါကြောင့် အခုလက်ရှိ ရှိနေတဲ့ပညာရှင်တွေဆီမှာ နောက်ထပ်မျိုးဆက်သစ်တွေက တိတိကျကျလိုက်နာသင်ယူပါ။ တတ်သမျှကိုလည်း ပို့ချပေးပါ။ ဒါတွေကိုလည်း မပျက်အောင် ထိန်းသိမ်းပေးကြပါလို့ ပြောချင်ပါတယ်။
ဦးမောင်မောင်လတ်
အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ
အရေးကျတော့ အသစ်ကနေဖန်တီးရတယ်။ ခေါင်းစဉ်တစ်ခုပေးလိုက်ပြီဆိုရင် ဒီခေါင်းစဉ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ စဉ်းစားဖွဲ့နွဲ့ရတယ်။ ရိုးရိုးစာလိုရေးလို့မရဘူး။ အလင်္ကာမြောက်အောင် ဖန်တီးရတယ်။ ပြီးမှစာသားကို အသံထည့်ရတယ်ဆိုတော့ နှစ်ဆင့်လုပ်ရတယ်။ ဒီပညာကတော့ ဖန်တီးရတဲ့သဘောရှိတယ်။ နည်းနည်းခက်ခဲတယ်။ ကိုယ့်အမွေအနှစ်တွေကို မပျောက်ပျက်ဖို့ဆိုရင် မြန်မာ့ရိုးရာယဉ်ကျေးမှုလက္ခဏာတွေကို တိုးတက်ရှင်သန်အောင် လုပ်ရသလိုရှိပြီးသားကို ဆက်ထိန်းသိမ်းရမယ်။
ဦးအောင်ကိန်း
အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ
ဆိုကရေးတီးပြိုင်ပွဲကြီးသာ မရှိဘူးဆိုရင် မဟာဂီတဆိုတာ နောက်ပိုင်းလူငယ်တွေ ဘာမှသိမှာမဟုတ်ဘူး။ တချို့ကလေးတွေဆိုရင် ဟင်္သာတထွန်းရင်၊ တွံတေးသိန်းတန်တို့ ဆိုတဲ့သီချင်းကို သီချင်းကြီးလို့ ထင်နေကြတယ်။ မဟာဂီတဆိုတာ နန်းတွင်းခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ မြဝတီမင်းကြီးဦးစနဲ့ ပြင်စည်မင်းသားကြီးတို့လို နန်းတွင်းခေတ်က ပညာရှင်ကြီးတွေဖန်တီးခဲ့တဲ့ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယားဆိုတဲ့ သီချင်းတွေကို မဟာဂီတလို့ခေါ်တယ်။ မဟာဂီတကို မသိကြတော့ဘူး။ သူတို့ရဲ့ပျော်ရွှင်မှုကလည်း ခေတ်ပေါ်သီချင်းမှာပဲ ပျော်မွေ့ကြတယ်။ အောင်မြင်နေကြတာကလည်း အဲဒီအပိုင်းက ကလေးတွေ အောင်မြင်နေကြတယ်ဆိုတော့ မြန်မာမှုကို မလုပ်ကြဘူး။ ဒီပြိုင်ပွဲကြီး ကျင်းပပေးလို့သာ မြန်မာမှုတွေကို တကယ်လုပ်ကြပြီးမှ တန်ဖိုးရှိတယ်ဆိုတာ သိလာကြတယ်။ ဆက်ကြိုးစားရင် အနှစ်သာရတွေ ပေါ်ပေါက်လာလိမ့်မယ်။
ဒေါက်တာသန္တာခင်(လက်ထောက် ညွှန်ကြားရေးမှူး)
နေပြည်တော်တိုင်း ကျန်းမာရေးဦးစီးဌာန
ကျွန်မကတော့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာရှိတဲ့ ပြိုင်ပွဲဝင်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေပါတယ်။ လက်ရှိမှာတော့ ဆေးခန်းသုံးခန်းနဲ့ကွပ်ကဲရေးရုံးခန်းတစ်ခန်းမှာ ၂၄ နာရီဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ကျွန်မနဲ့ကုသရေးဦးစီးဌာန (ရုံးချုပ်)က လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စန်းတို့ အဓိကတာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ ဆေးခန်းသုံးခန်းကတော့ အမျိုးသားဆောင်အတွက် တပ်မတော်ဆေးသုတေသနက ဗိုလ်ကြီးတွေနဲ့ ဖွင့်လှစ်ထားပြီးတော့ အမျိုးသမီးဆောင် ဆင်ဖြူရှင်(၁)အဆောင်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။
ဒေါ်ဝင်းသီရိမွန်၊ မန်နေဂျင်းဒါရိုက်တာ
(Sky Fruit Co;Ltd)
ကျွန်မတို့ နေပြည်တော်အသေးစား၊ အငယ်စားနဲ့အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းကနေ ပြိုင်ပွဲဝင်တွေရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ နေပြည်တော်ဒေသထွက်ကုန်ပစ္စည်းတွေအားလုံးစုပြီးတော့ လာရောက်ခင်းကျင်းပြသတာပါ။ ရှမ်းပြည်နယ် အင်းလေးဘက်ကထွက်တဲ့ ခရမ်းချဉ်သီးယိုတွေ အပါအဝင် မြန်မာနိုင်ငံပြည်တွင်းမှာရှိတဲ့ အသီးအနှံတွေကို တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်ပေးထားတာပါ။ အခုဒီပြခန်းမှာ နေပြည်တော်ဒေသထွက်ကုန်အနေနဲ့ လူတွေနဲ့ပိုပြီး ထိတွေ့နိုင်အောင် လာရောက်ခင်းကျင်းပြသ တာဖြစ်ပါတယ်။
မဇင်နွယ်သင်း(ပဲခူးတိုင်းဒေသကြီး)
အဆိုပြိုင်ပွဲဝင်
(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ကျွန်မအနေနဲ့ အဆင့်မြင့်ပညာအဆင့် မဟာဂီတ(အဆို)ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြဋ္ဌာန်းတေးသီချင်းလေးပုဒ်ကို လေ့ကျင့်ပြင်ဆင်ထားပါတယ်။ အဆိုပညာရပ်နဲ့ လေ့လာတာဆိုရင်တော့ ဆရာမဒေါ်ဥမ္မာဆီမှာ လေ့လာသင်ယူခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲတွေကျင်းပပေးနေတဲ့ အပေါ်မှာလည်း ကိုယ့်ရိုးရာ ယဉ်ကျေးမှုတွေဖြစ်တဲ့ ရှေးအစဉ်အလာတွေကို မပျောက်မပျက်အောင် ထိန်းသိမ်းပြီး အနာဂတ်မျိုးဆက်သစ်တွေ၊ နိုင်ငံသားကောင်းတွေကို မွေးထုတ်ပေးနိုင်အောင် ကျင်းပပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
မောင်ဝေယံမျိုး (ရှမ်းပြည်နယ်)
အဆိုပြိုင်ပွဲဝင်
ကျွန်တော့်အနေနဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ အဆင့်မြင့်ပညာအဆင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ အခုလိုမျိုးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရှမ်းပြည်နယ်တောင်ကြီးမြို့က ဆရာကြီးဦးစံရွှေဆီမှာ အဆိုပညာကို လေ့ကျင့်သင်ကြားခဲ့ပါတယ်။ လူငယ်တွေအနေနဲ့အခုချိန်မှာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းနိုင်မှသာ နောင်တစ်ချိန်မှာ ကိုယ့်ရိုးရာယဉ်ကျေးမှုတွေကို မပျောက်မပျက်တည်ရှိနိုင်မှာဖြစ်ပါတယ်။
ကိုသုတအောင်၊ ရန်ကုန်တိုင်းဒေသကြီးဒိုးပတ်အတီးပြိုင်ပွဲဝင်
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုအနေနဲ့အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) ဒိုးပတ်ပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲက ခြောက်ယောက်ပါပါတယ်။ မနှစ်က(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ကျော်မင်း ခန့် ခေါင်းဆောင်နဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။ ဒီနှစ် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ကိုအောင်သူဟိန်း ခေါင်းဆောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရွှေတံဆိပ်ဆွတ်ခူးနိုင်အောင်လည်း သေသေချာချာ လေ့ကျင့်ပြင်ဆင်ထားပါတယ်။ ပြင်ဆင်ထားတယ်ဆိုပေမယ့် တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးက ဒိုးပတ်ပြိုင်ပွဲအတွက် သေသေချာချာ ပြင်ဆင်ထားကြတယ် ဆိုတာသိရတော့လည်း စိတ်လှုပ်ရှားမှုမိပါတယ်။ ဒီနှစ်လိုပဲနောက်နှစ်တွေမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေ ဆက်လက်ကျင်းပပေးရင် ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေနဲ့ ရွက်ပုန်းသီး ဝါသနာရှင်တွေ ထွက်ပေါ် လာမှာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ဇင်ဟိန်း
(မြန်မာ့အလင်း)၊ ဓာတ်ပုံ - ထက်ဦး