ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် သဘာဝကပေးသော သစ်တောထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဝါးလက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် ရှမ်းရိုးရာဝါးခမောက်ထုတ်လုပ်နေမှုများနှင့်စပ်လျဉ်း၍ မိုးနဲမြို့နှင့် သုံးမိုင်ခန့်ကွာဝေးသော မိုက်ဟိုင်းကျေးရွာအုပ်စု နမ့်မော်လေကျေးရွာနေ ဦးဝိစိတ္တနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-
မေး ။ ။ ရှမ်းရိုးရာဝါးခမောက်ကို စတင်လုပ်ဖြစ်ခဲ့ပုံလေး ရှင်းပြပေးပါ။
ဖြေ ။ ။ မိရိုးဖလာရိုးရာလက်မှုလုပ်ငန်း တစ်ခုလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အဘိုးအဘွားတွေ၊ အဖေအမေတွေလက်ထက်က လက်ဆင့်ကမ်းလုပ်ကိုင်ခဲ့ကြလို့ ကျွန်တော်တို့ လည်း ရိုးရာအမွေဖြစ်တဲ့ လက်မှုပညာကို လက်ဆင့်ကမ်းထိန်းသိမ်းရင်းနဲ့ လုပ်ဖြစ်လာတာ အခုအချိန်အထိပါပဲ။
မေး ။ ။ ကုန်ကြမ်းတွေအတွက် ဘယ်လိုဝါး အမျိုးအစားတွေကိုစုဆောင်းရပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ ဝါးခမောက်အတွက် ကုန်ကြမ်းတွေကိုတော့ ကျေးရွာက ထွက်တဲ့ ဝါးပိုးဝါး၊ ဝါးဖက်နဲ့ နှီးဝါးတွေကို ကြိုတင်စုထားရပါတယ်။ နှီးဝါးကိုတော့ ဝယ်ယူရပါတယ်။ ဝါးရုံရှိတဲ့သူတွေကတော့ ကိုယ့်ခြံထဲကရပြီး မရှိတဲ့သူတွေကျတော့ ဝါးပိုးဝါးတစ်လုံးကို ၁၅၀၀ ကျပ်၊ နှီးဝါးတစ်လုံးကို ၁၀၀၀ ကျပ်နဲ့ ဝယ်ယူစုဆောင်းရပါတယ်။
မေး ။ ။ ကျေးရွာနေ ပြည်သူအများစုက ဝါးခမောက်လုပ်ငန်းကို အများဆုံး လုပ်ကိုင်တယ်လို့ သိရပါတယ်။ ရွာမှာဘယ်နှဦးလောက် ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ကြပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ နမ့်မော်လေကျေးရွာမှာ အိမ်ခြေ ၇၇ လုံးရှိပြီး အိမ်ခြေ ၃၀ လောက်က မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ကြပြီး အသက်မွေး ဝမ်းကျောင်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတာကတော့ ငါးအိမ်ရှိပါတယ်။
မေး ။ ။ ရှမ်းရိုးရာ ဝါးခမောက်အမျိုးအစားကို ဘယ်နှမျိုးလောက်လုပ်ဖြစ်ပါသလဲ။
ဖြေ ။ ။ ဝါးခမောက် အမျိုးအစားကိုတော့ အမျိုးသမီးဆောင်း၊ အမျိုးသားဆောင်း ဆိုပြီး နှစ်မျိုးပြုလုပ်ပေမယ့် ဒီဇိုင်းပိုင်းအနေနဲ့ကတော့ ရှစ်မျိုးလောက် ပြုလုပ်ဖြစ်ပါတယ်။ ဘော်ကြယ်၊ ပန်းပွင့်၊ ဆေးရောင်တွေနဲ့ အလှဆင် ထားတာမျိုးတွေပါပါတယ်။
မေး ။ ။ ဝါးခမောက် အမျိုးအစားအလိုက် ရောင်းရတဲ့ဈေးကိုလည်း သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ ဝါးခမောက်အမျိုးအစား အလိုက် ရောင်းဈေး(သွင်းဈေးကတော့) ငွေကျပ် ၇၀၀ ကနေ ၇၀၀၀ ကျပ်အထိရှိပါတယ်။ မိသားစုသုံးဦး တစ်နေ့လုပ်မယ်ဆိုရင် ၇၀၀၀ ကျပ်တန် သုံးလုံးတော့ ပြီးပါတယ်။
မေး ။ ။ ဝါးခမောက်ပြုလုပ်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုတည်းကိုပဲ ဆောင်ရွက်နေတာလား။
ဖြေ ။ ။ ကျွန်တော်တို့ရွာမှာတော့ များသောအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ မိသားစုစားဝတ်နေရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်နေပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ရင်း အားလပ်ချိန်မှာမနားဘဲ အချိန်ရရင်ရသလို ဝါးခမောက်ကို သူ့အပိုင်းအလိုက် ပြီးသလောက် လုပ်တာပါ။
မေး ။ ။ ဝါးခမောက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ဆောင်ရွက်နေသူတွေက စားဝတ်နေရေး အဆင်ပြေဖို့အတွက် ဘယ်လိုတွေ လုပ်ကိုင်နေရပါသလဲ။
ဖြေ ။ ။ ဥပမာတစ်ခုအနေနဲ့ ငွေကျပ် ငါးသိန်းကို တစ်နှစ်ပတ်လုံး မိသားစုစားဝတ်နေရေး အတွက် အဆင်မပြေနိုင်ပါဘူး။ ဒီငွေကို ဝါးခမောက် လုပ်ကိုင်ဖို့အတွက် ရင်းနှီးထားမယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးလည်ပတ်ရင်း စားဝတ်နေရေးအတွက် အဆင်ပြေတယ်၊ လုံလောက်ပါတယ်။
မေး ။ ။ ဒီဝါးခမောက်လုပ်ငန်းက မိရိုးဖလာ လုပ်ကိုင်ဆောင်ရွက်လာတဲ့ လုပ်ငန်း တစ်ခုဖြစ်တဲ့အတွက် လက်ဆင့်ကမ်း ဆက်လက် လုပ်ဆောင်ဖို့ကို ဘယ်လိုအစီအစဉ်ထားရှိပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့က မိသားစုအလိုက် ဒီလုပ်ငန်းတွေကို လုပ်ကိုင်လာတဲ့အတွက် ကျွန်တော်တို့ရဲ့ သားသမီးတွေကလည်း ကျောင်းအားလပ်ရက်တွေမှာ မိဘတွေလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ပေးနေတာကြောင့် အစအဆုံး သိနေပြီးသားဖြစ်တဲ့သူတို့တွေအနေနဲ့ ဆက်လက် လုပ်ကိုင်ဖို့နဲ့ မိဘတွေလက်ထက်ကထက်ပိုပြီး ဆန်းသစ်တီထွင် ဖန်တီးလုပ်ဆောင်သွားဖို့တော့ လိုအပ်ပါတယ်။
မေး ။ ။ ဝါးကနေ ခမောက်အနားကွင်းလေးတွေဖြစ်အောင် လုပ်ဆောင်ရပုံလေးကို လည်း ရှင်းပြပေးပါ။
ဖြေ ။ ။ ကျွန်တော်တို့ ခမောက်အနားကွင်းလေးတွေဖြစ်အောင် အရင်ဆုံး ဝါးပိုးဝါးနဲ့ နှီးဝါး (ဒေသအခေါ်) ဝါးနှစ်မျိုးကို စတင်ခုတ်ယူ ရပါတယ်။ ဝါးခုတ်တဲ့အချိန်မှာပဲ ဝါးကတ်တွေကိုပါ တစ်ချိန်တည်း စုဆောင်းရပါတယ်။ ဝါးရပြီဆိုရင် သုံးရက်လောက်ကြာတဲ့အချိန်မှာ အချောင်းလေး တွေစိတ်ပြီး ကိုယ်ပြုလုပ်မယ့် ခမောက်အရွယ်အစားအလိုက် အကြီး/အငယ်ခွေပါတယ်။ ခွေပြီး ဝါးကွင်း လေးတွေကိုတော့ ချုပ်ပြီးသူ့ပုံစံကျအောင် ရေအေးတဲ့နေရာမှာ ၁၅ ရက်ကနေ ရက် ၂၀ စိမ်ထားပြီး နှစ်လလောက်ကြာအောင် နေလှန်းထားရပါတယ်။ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်ဖို့နဲ့ ပိုးမတက်အောင် ပူနွေးတဲ့နေရာမှာ စနစ်တကျ သိမ်းထားရပါတယ်။
မေး ။ ။ ရိုးရာဝါးခမောက် ပြုလုပ်တဲ့နေရာမှာ အသုံးပြုရတဲ့ ပစ္စည်းလေးတွေကိုလည်း ပြောပြပေးပါ။
ဖြေ ။ ။ ဝါး၊ နှီးဝါး၊ ဝါးကတ်၊ ဓား၊ ဝါးညှပ်၊ အပ်၊ အပ်ချည်၊ ပျားဖယောင်း၊ သိုးမွေးချည်၊ ကတ်ကြေးနဲ့ အလှဆင်ပစ္စည်းအဖြစ် ဘော်ကြယ်တွေ၊ အရောင်တင်ဆေးတွေ လိုအပ်ပါတယ်။
မေး ။ ။ ခမောက်ပြုလုပ်ပုံလေးကိုလည်း ရှင်းပြပေးပါ။
ဖြေ ။ ။ ခမောက်ကို သူ့ပုံစံအရွယ်အစား လိုက်ပြီးတော့ ဝါးကတ်တစ်ခုနဲ့တစ်ခု စပ်ပြီး ညှပ်တံနဲ့ ညှပ်ထားရပါတယ်။ အရွယ်အစား တိုင်းပြီး ကတ်ကြေးနဲ့ညှပ်ပြီးရင် ချုပ်ယူရပါတယ်၊ ပြီးရင် အနားကွပ်တွေ ထည့်ရပါတယ်။ အနားကွပ်ဖို့ ဝါးကွင်းတစ်စုံကိုအသုံးပြုရပြီး အပေါ်ဝါးကွင်း ကတော့အထူ၊ အောက်ဝါးကွင်းကတော့ အပါးနဲ့ပါ။ ပြီးရင်ပူးကပ်သွားအောင် အပ်/အပ်ချည်နဲ့ ချုပ်ယူ ရပါတယ်။ ခမောက်ခေါင်အုပ်ကိုလည်း အသင့်ပြုလုပ်ပြီး ဒီအတိုင်းပဲချုပ်ရပါတယ်။ အဲဒါဆို ခမောက်အကြမ်းထည်ပြီးသွားပြီ။ ဒီမှာတော့ အကြမ်းထည်အတိုင်းပဲ ဈေးကွက်ကိုပို့တာများပါတယ်။
မေး ။ ။ အသင့်ပြုလုပ်ပြီး ဝါးခမောက်တွေကို ဈေးကွက်အနေနဲ့ ဘယ်မြို့တွေကို ပို့ဆောင်ပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ ဝါးခမောက်တွေကို အမျိုးအစားအလိုက် ၁၀ ချပ်တွဲ၊ ၂၅ ချပ်တွဲ၊ အချပ် ၅၀ တွဲ တွဲပြီး ဈေးကွက်တင်ရောင်းချ ပါတယ်။ ဒီရွာမှာလည်း ဝယ်ယူတဲ့ဒိုင်ရှိပါတယ်။ ကျွန်တော်တို့ အများဆုံးပို့ဆောင်နေတာ မြို့တော်တော်များပါတယ်။ ကာလိ၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ လင်းခေး၊ မိုင်းပန်၊ ကလော၊ အောင်ပန်း စတဲ့မြို့တွေအထိ ဖြန့်ပါတယ်။
မေး ။ ။ ရိုးရာဝါးခမောက်လုပ်ငန်းနဲ့ ပတ်သက်ပြီး စကားလက်ဆောင်လေး ပြောကြား ပေးပါဦး။
ဖြေ ။ ။ ကျွန်တော်တို့ကျေးရွာမှာရှိတဲ့ ဒေသထွက်သဘာဝပစ္စည်း ရိုးရာဝါးလက်မှု ပညာနဲ့ ပုံဖော်ထားတဲ့ ဝါးခမောက်လေးတွေက ပေါ့ပါးပြီး နေဒဏ်/ မိုးဒဏ်တွေကို ကာကွယ်ပေး နိုင်တဲ့အတွက် ပြည်တွင်းလက်မှုပစ္စည်းတွေကို အားပေးစေချင်ပါတယ်။
ရှမ်းရိုးရာ ဝါးခမောက်အကြမ်းကို လယ်ထဲ၊ တောထဲသွားသည့်အခါတွင် ဆောင်းသွားလေ့ရှိပြီး ဝါးခမောက်အချောအလှများကို ဘုရားကျောင်းကန်၊ ပွဲလမ်းသဘင်များသွားသည့်အခါများတွင် အများဆုံးအသုံးပြုလေ့ရှိကြောင်း တင်ပြအပ်ပါသည်။ ။
တွေ့ဆုံမေးမြန်း - မျိုးညွန့်ရွှေ၊ ဓာတ်ပုံ - နန်းဆိုင်မိုင်