Skip to main content

ပြည်ပ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည် ခေါ်ဆောင်ခဲ့

(၂၃-၈-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၉၄)ဦးနှင့် ကိုးရီယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၃၀)ဦး စုစုပေါင်း (၁၂၄)ဦးတို့အား မြန်မာသံရုံး၊ ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့၏ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀၀၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့ပါသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံအသီးသီးတို့တွင် အခက်အခဲဖြစ်နေပြီး မြန်မာနိုင်ငံသို့ မဖြစ်မနေ ပြန်လည်ထွက်ခွာကြရမည့် မြန်မာနိုင်ငံသားများ အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်ဆောင်ရွက်သည့် အပတ်စဉ် အင်္ဂါနေ့တိုင်း ပျံသန်းပြေးဆွဲနေသော ကယ်ဆယ်ရေးလေယာဉ်အပြင် အထူးအစီအစဉ်အဖြစ် မြန်မာသံရုံး၊ ဝါရှင်တန်မြို့နှင့် ညှိနှိုင်း၍ ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲလျက်ရှိရာ ယနေ့ချိန်ထိ (၃)ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

# Ministry of Foreign Affairs   Myanmar