Skip to main content

ရန်ကုန်-မော်လမြိုင် လမ်းပိုင်း၌ လေအိတ်ရထား အမှတ် (၈၃) အဆန်၊ အမှတ် (၈၄) အစုန် လူစီးအမြန်ရထားတို့အား တိုးချဲ့ပြေးဆွဲ

နေပြည်တော်   ဩဂုတ်  ၂၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ လေအေးပေးစက်ပါလေအိတ်တွဲ ဆိုင်းအသစ်များဖြင့် အမှတ် (၈၃) အဆန် လူစီးအမြန်ရထားနှင့် အမှတ် (၈၄) အစုန်လူစီးအမြန်ရထား စတင်ပြေးဆွဲပေးခြင်းအခမ်းအနားကို ယမန်နေ့ ည ၉ နာရီတွင် မော်လမြိုင်ဘူတာ အမှတ် (၁) စင်္ကြန်၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရထားစီးခရီးသွား မိဘပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီ Social Distcncing ရရှိရေးအတွက် တစ်ဦးနှင့်တစ်ဦးထိုင်ခုံခြား၍ ထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ယခုပြေးဆွဲသည့် လမ်းပိုင်းအား ခုန်ခြင်း၊ ဆောင့်ခြင်း၊ လူးလွန့်လှုပ်ခါခြင်းများ သက်သာအောင် ကိုးချောင်းဆက်သံလမ်းခင်းခြင်း၊ ကျောက်ဖြည့်ပါကင် ရိုက်ခြင်းများဆောင်ရွက်ပေးထားပြီး ရထားမောင်းနင်ချိန်အား သတ်မှတ်အချိန်ထက်လျော့၍ မောင်းနင်နိုင်ရန်ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် တာဝန်ရှိသူများက ရထားစီးခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့အတူ ရန်ကုန်ဘူတာကြီးရှိ အမှတ် (၁) စင်္ကြန်တွင် ရန်ကုန်-မော်လမြိုင် ခရီးစဉ် အမှတ်(၈၃)အဆန်လူစီးအမြန်ရထား တိုးချဲ့ပြေးဆွဲခြင်းအခမ်းအနားကို ယင်းနေ့ ည ၈ နာရီ တွင် ကျင်းပခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ယခုပြေးဆွဲပေးသည့် လေအိတ်ရထားတွဲများမှာ ကိုရီးယားသမ္မတနိုင်ငံ ချေးငွေဖြင့်ဝယ်ယူခဲ့ပြီး အထက်တန်းတွဲ(၄)တွဲ၊ ရိုးရိုးတန်းတွဲ(၅)တွဲ၊ လူစီးဘရိတ်တွဲ(၁)တွဲ စုစုပေါင်း (၁၀)တွဲဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လက်မှတ်ခနှုန်းထားများ အနေဖြင့် ခရီးစဉ် စ/ဆုံး အထက်တန်း(ထိုင်ခုံ) တစ်ဦးလျှင် ငွေကျပ် (၈၀၀၀)၊ ရိုးရိုးတန်း(ထိုင်ခုံ) တစ်ဦးလျှင် ငွေကျပ် (၄၀၀၀) နှုန်းဖြစ်ပြီး လမ်းခရီးတွင် ပဲခူး၊ ကျိုက်ထို၊ တောင်စွန်း၊ သထုံ၊ ပေါင်ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်သည်။ အမှတ်(၈၃) အဆန် အမြန် ရထားသည် ရန်ကုန်ဘူတာမှ ည(၈)နာရီ ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်ဘူတာသို့ နောက်တစ်နေ့နံနက် (၅)နာရီ (၁၅) မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ်(၈၄ ) အစုန် အမြန်ရထားသည် မော်လမြိုင်ဘူတာမှ ည(၉)နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာသို့ နောက်တစ်နေ့နံနက် (၆)နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)