နေပြည်တော် ဩဂုတ် ၂၃
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုဖြစ်စဉ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ UEHRD ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးတိုးအောင်နှင့် ဦးညီငြိမ်းအေး၊ UEHRD ၏ Healthcare Task Force အဖွဲ့ဝင်များ၊ UEHRD ရုံးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက UEHRD ပြည်ထောင်စုစီမံကိန်းသည် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးအန္တရာယ်ခံစားရသူများအတွက် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ UEHRD လုပ်ငန်းစဉ်များတွင်ပါဝင်သော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ရေရှည်လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ရခိုင်ပြည်နယ်အတွင်း စတင်ပြန့်ပွားမှုဖြစ်ပွားနေစဉ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်အရလိုအပ်ချက်များ ရှိလာပါကြောင်း၊ UEHRD ၏ Healthcare Task Force အနေဖြင့် အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များအရ UEHRD Healthcare Task Force က ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သောဆေးရုံကုတင်များ၊ အင်အားတိုးချဲ့ဆောင်ရွက်ရမည့်ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သောပံ့ပိုးကူညီမှုများ၊ အဖက်ဖက်က ပါဝင်ပူးပေါင်းကူညီကြမည့် စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး ထိရောက်စွာပူးပေါင်းကူညီကြရန်ဖြစ်ကြောင်း၊ ထို့အပြင် UEHRD ၏ အခြားသော Task Forces များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက UEHRD အနေဖြင့် လက်ရှိ ရခိုင်ပြည်နယ်၏ ပကတိအခြေအနေများကို သိရှိပြီးဆောင်ရွက်နိုင်ရန် သတင်းရယူညှိနှိုင်းပေးမည့် တာဝန်ခံ သတ်မှတ်ခြင်း၊ အမြန်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းအစီအစဉ်များ သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စများကို UEHRD Healthcare Task Force က သီးခြားဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ဆွေးနွေးဆုံးဖြတ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် အမြန်ဆုံးကူညီပံ့ပိုးမည့် အစီအစဉ်များဆွေးနွေးခြင်း၊ ရခိုင်ပြည်နယ် လူငယ့်ရေးရာ ကော်မတီဝင်များနှင့် ဆွေးနွေးရန်ကိစ္စညှိနှိုင်းခြင်း၊ အသင့်ရှိပြီးဖြစ်သော သင်တန်းဆင်း စေတနာ့ ဝန်ထမ်းများအား ပြန်လည်စုစည်းခြင်းနှင့် အင်အားတိုးချဲ့ပြီး သင်တန်းများ ထပ်မံပို့ချရန် စီစဉ်ခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယနေ့ဆွေးနွေးဆုံးဖြတ်ချက်များကို UEHRD ၏ Healthcare Task Force က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရဌာနဆိုင်ရာများနှင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)