လိပ်သို သြဂုတ် ၂၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်အချိန်က လိပ်သိုမြို့ ကတ်သလစ်ခန်းမတွင် ကျင်းပပြုလုပ်သည့် လိပ်သိုမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေများနှင့် CERP အစီအစဉ်အရ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင် (၁၂၈၅) ဦးနှင့် အသက် ၂ နှစ်အောက်ကလေးငယ် (၃၄၆၇) ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၂၁၃၇၉၅၀၀၀) ကို လည်းကောင်း၊ CERP အစီအစဉ်အရ မသန်စွမ်းသူတစ်ဦးလျှင် (၃၀၀၀၀) ကျပ်ဖြင့် (၂၅၀) ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၇၅၀၀၀၀၀) တို့ကို လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်ထံသို့ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်တို့က အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးငယ်များ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ်သည် လိပ်သိုမြို့ စိန်ဒေါမိနစ်ကျောင်းတိုက်နှင့် ရန်ကြီးအောင်ကျောင်းတိုက်သို့ သွားရောက်ပြီး ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဆန်၊ ဆီ စသည့် လှူဖွယ်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)