Skip to main content

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ

အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက် ထားနိုင်ရေးအတွက် မှတ်ပုံတင်လျှောက်ထားသည့်စနစ် မိတ်ဆက်ခြင်းနှင့် အသိပညာပေးအခမ်းအနားကို ယနေ့နံနက်ပိုင်းကရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနား၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာ စကားပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထားရှိမှုအခြေအနေနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည့် e - Commerce Registration (Online) System နှင့်စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်က အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများ အားလုံးသည် မှတ်ပုံတင် လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီးမှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှ တစ်ဆင့်ယနေ့မှစတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်