Skip to main content

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် ၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမ၊ ဒုတိယနှင့် အဋ္ဌမအဆင့် ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

ကြံခင်း  ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှ ၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲဖြင့် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် ဝိပ္ပံဘာသာတွဲဖြင့် အဋ္ဌမအဆင့် ရရှိသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြ သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဂုဏ်ပြုချီးကျုးစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က မြန်မာတစ်နိုင်လုံးတွင် ဝိဇ္ဇာဘာသာ တွဲဖြင့်   (အထက)ရေနံတောင်ကျောင်းမှ (၆) ဘာသာဂုဏ်ထူးဖြင့် ပထမအဆင့်ရရှိသော မောင်ဝေယံလင်းကျော်အား ဂုဏ်ပြုဆု ငွေကျပ် (၁၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲဖြင့် (အထက ) ရေနံတောင် ကျောင်းမှ (၅)ဘာသာဂုဏ်ထူးဖြင့် ဒုတိယဆင့်ရရှိသော မစုပိုပိုအောင်အား ဂုဏ်ပြုဆုငွေကျပ်(၈)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အားလည်းကောင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မြန်မာတစ်နိုင်ငံလုံး ဝိပ္ပံဘာသာ တွဲဖြင့် ကြံခင်းမြို့မှ အလွတ်ဖြေကျောင်းသား (၅)ဘာသာဂုဏ်ထူးဖြင့် အဌမဆင့်ရရှိသော မောင်မင်းခန့်စည်သူအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲဖြင့် ပထမအဆင့်ရရှိသော မောင်ဝေယံလင်းကျော်က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)