နေပြည်တော် ဩဂုတ် ၂၁
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရ ဒေသ တို့၌ အခက်အခဲကြုံတွေ့နေ ရသည့် မြန်မာနိုင်ငံသား ၉၇ ဦးတို့အား ဒုတိယကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိကြသည်။
အခန်းကဏ္ဍအလိုက် တာဝန်ယူ
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးသည်။
ညှိနှိုင်းဆောင်ရွက်
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ ကယ်ဆယ်ရေး လေယာဉ်များ၊ အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်