Skip to main content

အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်း  ထိုးနှံခြင်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၁

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထိုးနှံ ခြင်းလုပ်ငန်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ် ဆေးထိုး လုပ်ငန်း အစီအစဉ်တွင် (၁၃)ခု မြောက် ကာကွယ်ဆေးအဖြစ် "သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ပေးသည့် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး"ကို (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာ (၂၀) ရက်တွင် စတင် ထည့်သွင်းထိုးနှံနိုင်တော့ မည်ဖြစ် သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာပေါ်တွင် (၁၀၈)နိုင်ငံ မြောက်အဖြစ် အိတ်ချ်ပီဗီကာကွယ် ဆေးကို ထည့်သွင်းထိုးနှံနိုင် ရန် ထောက်ပံ့ကူညီမှုပေးခဲ့ သော Gavi, the vaccine alliance အဖွဲ့ကို ကျေးဇူးတင်ပါ ကြောင်း၊ Gavi အဖွဲ့သည် ယခု အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းတွင် သာမက မြန်မာနိုင်ငံ၏ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်နှင့် ပတ်သက်သော လုပ်ငန်းအမျိုးမျိုးတွင် အဓိက ကူညီနေသည့်အဖွဲ့ ဖြစ်ပါကြောင်း။

အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံရန်အတွက် နည်းပညာဆိုင်ရာ အကြံပြုချက်များ ပံ့ပိုး ပေးအပ်ခဲ့သော အမျိုးသားအဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ (NITAG) ကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ အိတ်ချ်ပီဗီကာကွယ်ဆေး တစ်ကြိမ်စာ အတွက် အမေရိကန် ဒေါ်လာ (၄ ဒသမ ၅) ဒေါ်လာ ကုန်ကျပြီး (၂)ကြိမ်ထိုးနှံရမည်ဖြစ်သည့် အတွက် မိန်းကလေးငယ်တစ်ဦး အတွက် (၉) ဒေါ်လာ ကုန်ကျပါကြောင်း၊ သားအိမ်ခေါင်း ကင်ဆာသည် မြန်မာနိုင်ငံ၏ အမျိုးသမီးများတွင် ဖြစ်ပွားသော ကင်ဆာအမျိုးအစား အားလုံး၏ (၂၃ ဒသမ ၅)ရာခိုင်နှုန်းရှိပြီး အသက်  (၁၅)နှစ်မှ (၄၉)နှစ် အမျိုးသမီးများတွင် အဖြစ်အများဆုံး ဖြစ်ပါကြောင်း၊ ယခု အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင်ထည့်သွင်း၍ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ်ရှိ မိန်းကလေးများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ရည်မှန်း မိန်းကလေးငယ်ဦးရေ (၄၆၄,၀၀၀) ကျော် ရှိပါကြောင်း၊ အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း အိတ်ချ်ပီဗီပိုး စတင်ကူးစက်နိုင်သည့် အခွင့်အလမ်းမရှိမီအချိန်တွင် ကာကွယ်ဆေးထိုးပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း။   

မြန်မာနိုင်ငံတွင် ယခုထိုးနှံပေးမည့် အိတ်ချ်ပီဗီကာကွယ်ဆေးသည် အိတ်ချ်ပီဗီ ဗိုင်းရပ်စ်ပိုးအမျိုးအစား (၄)မျိုးကို ကာကွယ်ပေးနိုင်သော လေးမျိုးစပ်ကာကွယ်ဆေးဖြစ် သည့်အပြင် ထိရောက်၍ ဘေးထွက်ဆိုးကျိုးအလွန် နည်းပါးသည် ကာကွယ်ဆေးဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးများ၏အများစုသည် မည်သည့် အမျိုးအစားများဖြစ်ကြောင်းကိုလည်း အသုံးချ သုတေသနပြုလုပ် လေ့လာသွားရ မည်ဖြစ်ပါ ကြောင်း၊ ပြည်သူ့ကျန်းမာရေး နိယာမသဘော တရားတွင် ပဏာမအဆင့် ကာကွယ် ခြင်း၊ ဒုတိယအဆင့် ကာကွယ်ခြင်းနှင့် တတိယအဆင့် ကာကွယ်ခြင်းဟူ၍ အဆင့် (၃)ဆင့် ရှိပြီး ပဏာမအဆင့် ကာကွယ်ခြင်းသည် အထူးအရေးကြီး ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ အားလုံးတွင် အိတ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်းထိုး နှံနိုင်ခြင်း မရှိသေးသည့် အခြေအနေ၌ မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ထိုးနှံရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ရောဂါမဖြစ် ပွားမီ အသက်ငယ်ရွယ်စဉ်ကာလ၌ ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် ပဏာမအဆင့် ကာကွယ်ခြင်းဖြစ်ပြီး အထိရောက်ဆုံး ဖြစ်ပါကြောင်း။

မိမိတို့ ယခုအစိုးရလက်ထက်တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၌ ပြင်းထန် အဆုတ် ရောင်ကာကွယ်ဆေး (ပီစီဗီ)၊ ဂျပန်ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး(ရိုတာ)နှင့် စက်တင်ဘာလတွင် စတင်ထိုးနှံမည့် သားအိမ်ခေါင်း ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးအသစ် (၄)မျိုးကို ထည့်သွင်းထိုးနှံ တိုက်ကျွေးနိုင်ခဲ့ပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး အသိပညာပေးခြင်း၊ အာဟာရဖွံ့ဖြိုးမှု၊ မျိုးဆက်ပွားကျန်းမာရေးစသည့်လုပ်ငန်းများကိုလည်း ပေါင်းစပ်တွဲဖက်ဆောင် ရွက်သွားပါက ပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများအနေဖြင့် ကာကွယ်ဆေးများ အာနိသင်အပြည့် အဝရှိရေး၊ ဘေးအန္တရာယ်ကင်း ရှင်းရေး၊ အအေးလမ်းကြောင်း သိုလှောင်ထားရှိ ထိုးနှံနိုင်ရေး၊ ခက်ခဲဒေသအပါအဝင် နေရာဒေသ အားလုံးမှ အသက် (၉)နှစ်မှ (၁၀)နှစ် အရွယ် မိန်းကလေး များအားလုံး ရရှိထိုးနှံပေးနိင်ရေးအတွက် ဘက်စုံထောင့်စုံမှ သုံးသပ်ကာ တိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးများ၏ ဦးဆောင်မှုဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီစွာ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ UNICEF အဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. June Kunugi က ယခုကဲ့သို့ ကုန်ကျစရိတ်ကြီးသော အိတ်ချ်ပီဗီကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် ထိုးနှံ ပေးရန်အတွက် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံအစိုးရနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန တို့အား ချီးကျူးဂုဏ်ပြုပါကြောင်း၊ အိတ်ချ်ပီဗီကာကွယ်ဆေး ထိုးနှံပေးခြင်း မြန်မာနိုင်ငံ၏ အမျိုးသမီးများတွင် ပိုမိုလှပကျန်းမာသော အနာဂတ်များကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

 ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်၊             ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း တို့က အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အသိပေးဆွေးနွေးပွဲသို့ အစည်းအဝေးခန်းမမှသော်လည်းကောင်း၊ Video conferencing ဖြင့်သော်လည်းကောင်း တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ နှီးနွှယ်ဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်း များမှ တာဝန်ရှိသူများက ဆွေးနွေးမေးမြန်းကြသည်။

အိတ်ချ်ပီဗီကာကွယ်ဆေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန် ကာကွယ် ဆေးထိုး အစီအစဉ် တွင်ထည့်သွင်း၍ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်ကာ အခမဲ့ထိုးနှံပေးသွားမည် ဖြစ်ပါသည်။ အသက် () နှစ်မှ (၁၀) အထိမိန်းကလေးငယ်တိုင်း အား တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂) ခြားပြီး () ကြိမ် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရ သည်။

(သတင်းစဉ်)