နေပြည်တော် ဩဂုတ် ၂၀
ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး နည်းပညာ ပံ့ပိုးမှုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအခါ တစ်ပြည်လုံးတွင် အခြေခံပညာ အထက်တန်းကျောင်းများ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး တစ်လတာကာလအတွင်း၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မတွေ့ရှိရသေးသော်လည်း ဝန်ကြီးဌာန (၂) ခု ပူးပေါင်း ပြုစုထားသည့် ဆန်းစစ်အကဲဖြတ်မှုပုံစံကို အသုံးပြု၍ စောင့်ကြည့်ဆန်းစစ်ခြင်းကို အရှိန်အဟုန်မပျက် ဆက်လက်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စောင့်ကြည့်ဆန်းစစ်ခြင်းကို ပိုင်နိုင်သေချာစွာ ဆောင်ရွက်နိုင်မှသာလျှင် ရောဂါလက္ခဏာရှိ ကျောင်းသား/ သူများကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ပြီး ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ယခုအချိန်တွင် စောင့်ကြည့်ဆန်းစစ်ခြင်း များသည် အဓိကလုပ်ငန်းဖြစ်ပါကြောင်း၊ ဆန်းစစ်အကဲဖြတ်မှု ပုံစံများကို ဖြည့်စွက်၍ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေအုပ်ချုပ်ရေးတို့မှ တာဝန်ယူလက်မှတ်ရေးထိုးကာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စုစည်းပြီး ဗဟိုအဆင့်သို့ ပေးပို့လျက်ရှိသည်မှာ ကောင်းမွန်ပါကြောင်း၊ စောင့်ကြည့်ဆန်းစစ်အဖွဲ့များအနက် ကျောင်းတိုင်းရှိ ကျောင်းအုပ်၊ ကျောင်းဆရာ/ ဆရာမနှင့် ကျောင်းသား/သူများ အဓိကပါဝင်ဖွဲ့စည်းထားသော စောင့်ကြည့်ဆန်းစစ်ရေး အဖွဲ့၏ ဆောင်ရွက်မှုသည် ယခုအချိန်၌ အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ ဤအဖွဲ့၏ ဆောင်ရွက်မှု ပီပြင်မှသာလျှင် ရောဂါတွေ့ရှိပါက စောစီးစွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း။
ရန်ကုန်နှင့် မန္တလေးကဲ့သို့ လူဦးရေထူထပ်သောနေရာများရှိ ကျောင်းများတွင် ရောဂါ ကူးစက်မှု အန္တရာယ်ပိုများနိုင်သည် ဆိုသည့်အချက်ကို သတိပြု ကြရမည်ဖြစ်ပါကြောင်း၊ အချက် (၈၀) ပါဝင်သော ဆန်းစစ်အကဲဖြတ်မှုပုံစံများကို ပြန်လည်သုံးသပ်ပြီး အရေအတွက် လျှော့ချကာ အရေးကြီးသည့် အချက်များသာ ပါဝင်သည့် ပုံစံသစ်ကို ပြုပြင်စေလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ လူနာများ၏ Virus နမူနာများကို လေ့လာကြည့်ရာတွင် (၃၀) ရာခိုင်နှုန်း သည် D614G ဇီဝမျိုးဗီဇပြောင်းလဲမှုကို တွေ့ရှိရပြီး ၎င်းသည် ယခင်ကထက် ကူးစက်နိုင်စွမ်း (infectiousness) သိသာစွာ ပိုမိုမြန်ဆန်ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများ တွင်လည်း ဗိုင်းရပ်စ်ပိုး၏ ဇီဝမျိုးဗီဇ ပြောင်းလဲနိုင်သည့်အတွက် မိမိတို့သည် ကျောင်းသားများ စုစည်းရာကျောင်းများ၌ စည်းကမ်းလမ်းညွှန်ချက်များ လိုက်နာရန် အထူးဂရုစိုက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဆေးသုတေသန ဦးစီးဌာနမှ ပညာရှင်များကို တာဝန်ပေး၍ ကိုဗစ်-၁၉ ပိုင်းရပ်စ်ပိုး မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှု (Genomic Sequencing) ပြုလုပ်ခဲ့ရာ ဓါတ်ခွဲစစ်ဆေးသည့်နမူနာ (၁၀) ခုအနက် D614G ဗီဇပြောင်းလဲမှု (၆) ခု တွေ့ရှိရပါကြောင်း၊ ၎င်းတွေ့ရှိချက်အရ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ဒုတိယလှိုင်း အသွင်ဖြစ်ပွားရန် အလားအလာရှိ သည့်အတွက် လုံးဝပေါ့ဆ၍မရပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ကူးစက်ပျံ့နှံ့မှုများပြားနေသည့် အချိန်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ၎င်းနိုင်ငံများနှင့် နီးစပ်သော တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျောင်းများတွင် အထူးပိုမိုဂရုစိုက် ရန်လိုအပ်ပါကြောင်း၊ ကျောင်းထဲမဝင်ခင် တန်းစီချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည် ကိုဗစ်-၁၉ ကာကွယ်ရေးလိုက်နာရမည့်အချက်များကို လက်ကိုင်အသံ ချဲ့စက်များ အသုံးပြ၍ တိုတိုနှင့်လိုရင်း မဖြစ်မနေ ကြေညာပေးရမည်ဖြစ်ကြောင်း၊ အတန်းတိုင်း တွင် စာမသင်ခင်၌ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ (၅)မိနစ်ခန့် ပြောကြားခြင်းကိုလည်း ဆက်လက် ပြုလုပ်စေလိုပါကြောင်း။
ကျောင်းများတွင် ဆရာ/ဆရာမအချင်းချင်း၊ ကျောင်းသူ/သား အချင်းချင်း သတိပေး/ အသိပေးသည့် အစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ဆက်လက် ညွှန်ကြားပေးစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အမြဲအဆင်သင့်အနေအထားဖြင့် အမြဲနိုးနိုးကြားကြား ရှိနေရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန်အတွက် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၏ ပံ့ပိုးကူညီဆောင်ရွက်မှုများကို အထူးအသိအမှတ်ပြု ကျေးဇူးတင် ပါကြောင်း၊ ဇူလိုင် ၂၁ ရက်မှစ၍ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မနက်ဖြန်ဆိုလျှင် (၁)လ ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ မိမိတို့ပညာရေးဝန်ကြီးဌာန အနေဖြင့် ကလေးများ၏ ပညာရေးနှင့် ပညာသင်ယူခွင့်သည် အရေးကြီးဆုံးဖြစ်သော်လည်း ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေသည့် အချိန်တွင် ကျန်းမာရေးရှုထောင့်မှ လုံခြုံဘေးကင်းစေရန်လည်း အလေးထား စဉ်းစားဆောင်ရွက်နေပါကြောင်း၊ ယခုအချိန်အထိ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရန် ကျန်ရှိနေသော အခြေခံပညာအထက်တန်းကျောင်း (၆၁၀) အား checklist နှင့်စစ်ဆေးလျက် ရှိပါကြောင်း၊ ၎င်း checklist များကို ဗဟိုသို့ အမြန်ဆုံးပေးပို့၍ သတ်မှတ်ချက်နှင့်အညီ "A" အဆင့်ရ ကျောင်းများကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကြီးကြပ်ဆန်းစစ် တွေ့ရှိချက်များအရ လိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနမှ အမြန်ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျောင်းများတွင် ဘော်ဒါဆောင် တွဲဖက်ထားခြင်း ရှိ/ မရှိ မြေပြင် အခြေအနေကို သိရှိနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများထံ သဘောထားတောင်းခံ ထားပါကြောင်း၊ ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း အချို့ကျောင်းများဖွင့်လှစ်မှုကို ခေတ္တဆိုင်းငံ့ သွားမည်ဖြစ် ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်သောအဖွဲ့ (၃)ဖွဲ့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျောင်းများတွင် နေ့စဉ် စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်နေသကဲ့သို့ ရန်ကုန်နှင့် နေပြည်တော်ရှိ ကျောင်းများတွင် ရိုက်ကူးရေးအဖွဲ့ များဖြင့် နေ့စဉ်မှတ်တမ်းတင်ထားပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှု ကော်မတီ၊ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက "A" အခြေအနေရှိ အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ကျောင်းများတွင် COVID-19 ရောဂါ သံသယလက္ခဏာ ခံစားရသူ ရှိ/မရှိ နေ့စဉ် အစီရင်ခံမှုအခြေအနေ၊ စောင့်ကြည့်ဆန်းစစ်ခြင်း ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အထက်တန်းအဆင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ ကျောင်းများတွင် ရိုက်ကူးထားသည့် ဗွီဒီယိုမှတ်တမ်း များနှင့် စောင့်ကြည့်ဆန်းစစ်မှုပုံစံဖြင့် စစ်ဆေးထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)