Skip to main content

ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဂုဏ်ပြုပူဇော်ခြင်းနှင့် ပါဠိပထမပြန် စာအောင်သံဃာများအား အလှူတော်များ ဆက်ကပ်လှူဒါန်း

လွိုင်ကော် သြဂုတ် ၂၀

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီမှူးကျင်းပ ပြုလုပ်သည့် ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်း နှင့် ၂၀၁၉ ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များထံ စာအောင်ဆု အလှူတော်များ ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာ အခမ်း အနားအား ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ "နမောတဿ" (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာ သဒ္ဓမ ဇောတိကဓဇ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် အကြီးအကဲများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဂုဏပူဇာ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း နှင့် စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ပြည်နယ်သံဃနာယကဥက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာ တရားတော်များ နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး "ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အခမ်းအနားတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၅)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့ အား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်း၊ စာအောင် သံဃာတော်(၂၀၂)ပါးတို့အား ပူဇော်ဂုဏ်ပြုခြင်းများ ဆောင်ရွက်ရာတွင် ဓမ္မာစရိယ (၂) ကျမ်း အောင်၊ ဓမ္မာစရိယ (၁) ကျမ်း အောင်၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုမူလတန်း စသည့် အတန်းအသီးသီး၌ အောင်မြင်တော်မူခဲ့သည့် ဆရာတော်၊ သံဃာတော်များကို ပူဇော်ဂုဏ်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်မြင့်မြင့်မော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက် အသီးသီးမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)