နေပြည်တော် ဩဂုတ် ၁၈
မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြားရှိ မလေးရှားပိုင်ရေပြင်သို့ပို့ဆောင်မည့် ငွေကျပ် ၃၁ ဒသမ ၇၄ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်အဖက်တမင်း) များအား ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့အနီးရေပြင်၌ ဩဂုတ် ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ တာဝန်သိပြည်သူတို့၏ သတင်းပေးချက်အရ ကျိန္တလီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကျိန္တလီမြို့ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ မောင်းဒေါက်ချောင်းဝအနီး မသင်္ကာဖွယ်ကျောက်ချရပ်နားထားသည့် စက်လှေတစ်စင်းအား စစ်ဆေးရှာဖွေရာ စက်လှေအတွင်းမှ ဆာလာအိတ် ၆၁ အိတ်ဖြင့်ထည့်ထားသည့် အိုက်စ် (မက်အဖက်တမင်း) ၁၃၈၀ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း။
ရဲတပ်ဖွဲ့ဝင်များသည် မသင်္ကာစက်လှေအနီးချဉ်းကပ်စဉ် ၎င်းစက်လှေပေါ်မှ အမျိုးသား ၅ ဦး ရေထဲခုန်ချထွက်ပြေးသဖြင့် ကျိန္တလီမြို့တွင်းနှင့် သံတွဲ-ကျိန္တလီသွား ကားလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေးခဲ့ရာ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် သံတွဲ-ကျိန္တလီကားလမ်းပေါ်၌ ဟွန်ဒိုင်းလိုက်ထရပ်အမျိုးအစားယာဉ်ပေါ်မှ ကျော်မိုးဆွေ၊ ဖြိုးမင်းအောင်၊ စန်းလင်းနှင့် ထွန်းထွန်းဝင်းတို့အားလည်းကောင်း၊ ဩဂုတ် ၁၇ ရက် နံနက် ၉ နာရီခွဲတွင် ဂွမြို့နယ် စမ်းချောင်းကျေးရွာအနီး၌ မောင်ပု(ခ) လှငွေအားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ သံတွဲမြို့နယ် ကင်းမော်ရွာအနီးရေပြင်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် စက်လှေတစ်စင်းပေါ်မှ ယခုဖမ်းဆီးရမိစက်လှေပေါ်သို့ မူးယစ်ဆေးဝါးများ လွှဲပြောင်းတင်ဆောင်ခဲ့ပြီး မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြားရှိ ရေပြင်သို့ပို့ဆောင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ စက်လှေအား ကြီးကြပ်၍ မူးယစ်ဆေးဝါးများ တာဝန်ခံ သယ်ဆောင်လာသူမှာ ထွန်းထွန်းဝင်းဖြစ်ကြောင်း၊ ပင်လယ်ပြင်အတွင်း လှိုင်းလေပြင်းထန်နေသဖြင့် မောင်းဒေါက်ချောင်းဝအနီး ကျောက်ချရပ်နားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်းသိရှိရသဖြင့် ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်ထားရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်