နေပြည်တော် ဩဂုတ် ၁၈
တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အကအလှတို့ကို ရိုက်ကူးတင်ဆက်မည့် ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနိုင်ရေး အထောက်အကူပြုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူတို့၏ မတူကွဲပြားမှုများမှ ဆက်နွှယ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုကို အထောက်အကူပြုနိုင်ရန်နှင့် စည်းလုံးညီညွတ်မှုရရှိစေရန် ရည်ရွယ်ချက်များဖြင့် တိုင်းရင်းသားဘာသာ (၁၇) မျိုးကို မြန်မာ့အသံရေဒီယိုမှလည်းကောင်း၊ တိုင်းရင်းသားဘာသာ (၁၁)မျိုးကို မြန်မာ့ရုပ်မြင်သံကြားမှလည်းကောင်း ထုတ်လွှင့်လျက်ရှိပါကြောင်း၊ အဆိုပါ ရည်ရွယ်ချက်များကို အထောက်အကူပြုနိုင်မည့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် အကအလှတို့ကို ရိုက်ကူးတင်ဆက်မည့် ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်နိုင်ရန် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထိုသို့ သင်တန်းဖွင့်လှစ်မှုတွင် နည်းပြများအဖြစ် Yangon Film School မှ ဒေါက်တာအောင်မင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်တို့အပါအဝင် ဝါရင့်ပညာရှင် ၁၂ ဦးတို့က ပို့ချကြမည် ဖြစ်ပြီး Film-Directing သင်တန်းကို MRTV မှ ဝန်ထမ်း ၃၀ ဖြင့် ယခုလ ၁၈ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ Technical Media Production သင်တန်းကို MRTV မှ ဝန်ထမ်း ၂၅ ဦး ဖြင့် ယခုလ ၂၂ ရက်မှ ၂၆ရက်အထိလည်းကောင်း တက်ရောက်လေ့ကျင့် ကြမည်ဖြစ်သည်။
ယခုသင်တန်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် Search for Common Ground (SFCG) တို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ MRTV နှင့် SFCG တို့သည် ရေဒီယိုကဏ္ဍပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ၂၀၁၇ ခုနှစ်တွင် တွေးကြ၊ ခေါ်ကြ၊ ပြောင်းလဲကြ (Let’s Think Let’s Change) အစီအစဉ် (၁၂) ပိုင်းကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အစီအစဉ် (၁၂) ပိုင်းကိုလည်းကောင်း၊ ရုပ်မြင်သံကြားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် “အပ်ဖျားတစ်ထောက်” အမည်ရှိ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရုပ်သံဇာတ်လမ်းကိုလည်းကောင်း ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်