နေပြည်တော် ဩဂုတ် ၆
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေး ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ (Super Specialty) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေး ရည်ရွယ်ကာ ရန်ကုန်/မန္တလေးမှ အထူးကုဆေးကု သရေးအဖွဲ့များကို တိုင်းဒေသကြီး /ပြည်နယ်များသို့ စေလွှတ်၍ ကွင်းဆင်းကုသမှုများ ဆောင်ရွက် လျက်ရှိသည်။
ဩဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးတို့မှ နှလုံးရောဂါဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြော ဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့် ဟော်မုန်းဆေးပညာ၊ သွေးရောဂါ ပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေး ကုသရေးအဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သွားရောက်၍ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး-တောင်ကြီးမြို့တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အထူးကုဆေးကုသရေး အစီအစဉ်တွင် တောင်ကြီးမြို့ပေါ်သာမက ရှမ်းပြည်နယ် အတွင်းရှိ အခြားသော မြို့နယ်များမှလည်း လာရောက်ပြသနိုင်ရန် မြို့နယ်အလိုက် ဆေးရုံ/ ကျန်းမာရေးဌာနများမှတစ်ဆင့် ပြည်သူလူထုကို အသိပေးကာ ပြသရန်လိုအပ်မည့် လူနာများကို ကြိုတင်ကွင်းဆင်း ရှာဖွေခြင်းများ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့ခြင်းကြောင့် မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ကြသည်။
ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ ၈၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ၄၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ ၇၃ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာ ခြောက်ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ ၁၃၂ ဦး၊ သွေးရောဂါဆိုင်ရာ ၂၇ ဦး၊ အထွေထွေရောဂါဆိုင်ရာ ၁၀၂ ဦး၊ မျက်စိရောဂါလူနာ ခြောက်ဦး၊ သားဖွားမီးယပ် လူနာလေးဦး၊ အရိုးရောဂါလူနာ ၂၆ ဦး၊ ခွဲစိတ် ၂၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ သုံးဦး၊ သွားနှင့် ခံတွင်းလူနာ တစ်ဦး၊ အရေပြားလူနာ လေးဦး၊ ကလေးလူနာ ရှစ်ဦး စုစုပေါင်းလူနာ ၅၄၉ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။
အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း ၄၃ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း ၁၀ ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း နှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း တစ်ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၀၃ ဦး၊ ဓာတ်ခွဲစမ်းသပ်သူ ၂၃၉ ဦး၊ သွေးချိုဓာတ်တိုင်းတာ ခြင်း ၁၁၅ ဦး၊ Ultrasound ရိုက်ကူးခြင်း ၇၄ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း ဦးရေ ၃၀၀၊ ဆီးချို ကြောင့် မျက်စိထိခိုက်မှု ရှိ မရှိစစ်ဆေးခြင်း ဦးရေ ၂၀၊ ဆီးချိုကြောင့် ခြေထောက်အာရုံကြော ထိခိုက်မှု ရှိ မရှိစစ်ဆေးခြင်း ဦးရေ ၂၀ တို့ကို စမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့ပြီး အဖွဲ့ခေါင်းဆောင် ဆီးချိုနှင့် ဟော်မုန်း ဆေးပညာပါမောက္ခ ဒေါက်တာကိုကို က လာရောက် ပြသသူ ဒေသခံပြည်သူများနှင့် ဆရာဝန်၊ သူနာပြုများအား ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့ပြင် ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာ တစ်ဦး ကို ဦးနှောက်နှင့် အာရုံကြောဆေးကုဌာန၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ နှလုံးရောဂါ ဆက်လက်ဆေးကုသရန် လိုအပ်သောလူနာ တစ်ဦးကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် နှလုံးရောဂါခွဲစိတ်ရန် လိုအပ်သောလူနာ တစ်ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း လွှဲပြောင်းကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ စဝ်စံထွန်းပြည်သူ့ဆေးရုံ ကြီးသို့ရောက်ရှိကာ အထူးကုဆရာဝန်ကြီးများထံ လာရောက်ပြသကုသမှုခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင်စကား ပြောကြား၍ နေ့လယ်စာအတူ သုံးဆောင်ကာ အမှတ်တရ ဒေသထွက်လက်ဆောင်များ ပေးအပ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်အတွင်း အလားတူအစီအစဉ်များကို ရခိုင်ပြည်နယ်သို့ နှစ်ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးသို့ တစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်