Skip to main content

မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအချက်အချာ နိုဗိုစီဗစ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံ‌မှုမှာ နှစ်ပေါင်း ၇၈ နှစ်ခန့် ရှည်ကြာလာခဲ့ပြီဖြစ်ပြီး မျက်မှောက်ကာလသည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကြောင်းတစ်လျှောက် တွင် အမြင့်ဆုံးသို့ရောက်ရှိနေသည်။ မိုင်ပေါင်းထောင်ချီဝေးကွာလျက်ရှိသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ယုံကြည်စိတ်ချရသည့် ရင်းနှီးသောမိတ်ဆွေကောင်းနိုင်ငံများအဖြစ် နီးကပ်စွာ ဆက်ဆံနေခြင်းဖြစ်သည့်အားလျော်စွာ နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံက မြန်မာနိုင်ငံဘက်မှ အမြဲရပ်တည်ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးနိုင်ငံကြီး တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် အနောက်ဘက် ဥရောပဒေသမှသည် အရှေ့ဘက်အာရှဒေသအထိ ကျယ်ပြန့်စွာ တည်ရှိလျက်ရှိသည်။ ယူ‌ရေးရှားခေါ် ဥရောပနှင့် အာရှတို့ ပေါင်းစပ်ပါဝင်နေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အာရှဘက်တွင် တည်ရှိနေသည့် ‌ဒေသကြီးတစ်ခုလုံးမှာ ဆိုက်ဘေးရီးယားဒေသဖြစ်ပြီး ဆိုက်ဘေးရီးယားတွင် အရေးပါဆုံးမြို့၊ အရေးပါဆုံးဒေသမှာ နိုဗိုစီဗစ်ဖြစ်သည်။ သိပ္ပံနှင့် စက်မှု၊ ပညာရေးနှင့်ယဉ်ကျေးမှုတို့၏ ညွှန်းကိန်းများအရ ရုရှားဖက်ဒရေးရှင်းတစ်ခုလုံးတွင် မော်စကိုနှင့် စိန့်ပီတာစဘတ်ပြီးလျှင် နိုဗိုစီဗစ်က တတိယမြောက်နေရာတွင် ရှိနေသည်။ စတုရန်းကီလိုမီတာ ၈ သန်းကျော် ကျယ်ပြန့်သော နိုဗိုစီဗစ်ဒေသတွင် လူဦးရေ ၂၆ သန်းကျော် နေထိုင်လျက်ရှိပြီး ရုရှား၏ တတိယအကြီးဆုံးမြို့ဖြစ်သော နိုဗိုစီဗစ်တွင် လူဦးရေ ၁၆ သန်းကျော် နေထိုင်ကြသည်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုနှစ် မတ်လအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူး မစ္စတာ တရာ့ဗနီကော့ဗ် အန်ဒရေ အလက်ဇန် ဒရိုဘစ်ချ်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှု၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာနိုင်မှု၊ မြန်မာနိုင်ငံ မှ ပညာတော်သင် သင်တန်းသားအရာရှိများ တက်ရောက်ပညာ သင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် မန္တလေးမြို့တို့ကို တိုက်ရိုက်လေကြောင်းပြေးဆွဲလျက်ရှိမှု၊ ထွက်ကုန်များ အပြန်အလှန်တင်ပို့နိုင်မှု၊ နိုဗိုစီဗစ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ မန္တလေးနှင့် နိုဗိုစီဗစ်တို့အား ညီအစ်မမြို့များအဖြစ် ဆောင်ရွက်မည်ဆိုပါက ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွား၊ စက်မှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးစသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှုတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

ရုရှားနှင့် မြန်မာနှစ်နိုင်ငံအကြားတွင် အပြန်အလှန်ကုန်သွယ်မှုပြုနိုင်သည့် ထုတ်ကုန်ပစ္စည်းများရှိနေရာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍကို မြှင့်တင်သွားရန်နှင့် နိုဗိုစီဗစ်မြို့ကို အခြေခံ၍ ကုန်သွယ်မှုများ တိုးတက်အောင်ဆောင်ရွက်သွားကြရန် အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲက မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများကို အမှာစကားပြောကြားခဲ့ရာ ရုရှား-မြန်မာဆက်ဆံရေးတွင် နိုဗိုစီဗစ်မှာ ရှေ့တန်းကျကျနေရာ၌ တည်ရှိနေသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် နိုဝင်ဘာ ၂ ရက်တွင် လေကြောင်းဖြင့် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်း၊ မန္တလေးမြို့၏ ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ ကမ္ဘာ့အမွေအနှစ် ပုဂံဒေသတို့ကို လေ့လာကြည့်ရှုခဲ့ကြသည်။ နိုဝင်ဘာ ၃ ရက်တွင် Naypyitaw State Academy သို့ သွားရောက်လေ့လာခဲ့သည်။

နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံသည်။ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်က မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြင့်မားစေမည်ဖြစ်သည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး တို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်နိုင်သည်နှင့်အမျှ နှစ်နိုင်ငံအကျိုးစီးပွား ကို ပိုမိုမြင့်မားသည်ထက်မြင့်မားစွာ ဆောင်ကြဉ်းနိုင်ပါမည့်အကြောင်း။ ။