အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းများသည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်အနေဖြင့် ပါရှိနေရာ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ စနစ်တကျတိုးတက်ဖြစ်ထွန်းနေစေရန် လိုအပ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာနှင့် လွယ်ကူစွာ ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလိုင်စင်များ နှောင့်နှေးကြန့်ကြာ ခြင်းမရှိဘဲ ခွင့်ပြုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးနေသည်။ လက်ရှိအချိန်အထိ အထွေထွေရောဂါကုဆေးခန်း ၅၁၂၄ ခု၊ အထူးကုဆေးခန်း ၁၀၀၂ ခု၊ အထွေထွေ ရောဂါကုဆေးရုံကြီး ၂၇၀ ခွင့်ပြုထားပြီးဖြစ်သည်ဟု သိရသည်။
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်း အဝေး(၂/၂၀၂၃)ကို ဩဂုတ် ၃ ရက်က ကျင်းပခဲ့ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ လူနာများဘေးကင်းလုံခြုံရန်၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရန်၊ အခြား ဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ထားရှိရန်၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့်အချက်အလက်များ ပြည့်စုံစွာ ဆောင်ရွက်ထားရှိခြင်း ရှိ၊ မရှိတို့ကို အထူးအလေးထားစိစစ်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေးနှင့် နှောင့်နှေးမှုမဖြစ်ပေါ်စေရေး သတိပြုရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ဆေးခန်း၊ အထွေထွေ ရောဂါကုဆေးခန်း၊ အထူးကု ဆေးခန်း၊ အထွေထွေရောဂါကု ဆေးရုံ၊ အထူးကုဆေးရုံ၊ သားဖွားခန်း၊ ရောဂါရှာဖွေရေး၊ သူနာပြုစု ရေးဂေဟာ၊ နယ်လှည့်ကျန်းမာရေး၊ ကျန်းမာရေးအကျိုးဆောင်၊ အထွေထွေ ကျန်းမာရေးတို့ပါဝင်ပြီး ပုဂ္ဂလိကဆေးရုံများ၊ ပုဂ္ဂလိက ဆေးခန်းများ၊ ပုဂ္ဂလိကသားဖွား ခန်းများသည် ဥပဒေကပြဋ္ဌာန်း ထားသည့်အင်္ဂါရပ်များနှင့် ညီညွတ်ရန်လိုသည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ မြှင့်တင် ရန်အတွက် ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ်အစားထိုး ကုသခြင်း လုပ်ငန်းများ၊ ကျောက်ကပ်သွေး သန့်စင်ခြင်းလုပ်ငန်းများ၊ နှလုံးခွဲစိတ်ကုသမှုနှင့် အဆင့်မြင့် စစ်ဆေးခြင်းလုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့်ဆေးသွင်း ခြင်းလုပ်ငန်းများကို ခွင့်ပြုပေးထားပြီးဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူသူများအား မျှတသောစရိတ်နှင့် အရည် အသွေးမြင့်မားသည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝစွာဖြင့် ကျေနပ် ဖွယ်ရာ ဝန်ဆောင်မှုများပေးခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရယူနိုင် ကြရန်လိုသည်။
လက်ရှိအခြေအနေတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအချို့၏ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများ၏ ဝေဖန်မှုများ မကြာခဏပေါ်ထွက်လာနေပြီး အိမ်နီးချင်းနိုင်ငံများမှ ပုဂ္ဂလိကဆေးရုံများ၏ ဝန်ဆောင်မှုများနှင့် နှိုင်းယှဉ်ပြောကြား ချက်များကိုလည်း တွေ့မြင်နေရသည်။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံတို့၏ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများမှာ ကမ္ဘာပေါ်တွင် အကောင်း ဆုံးအဆင့်တွင် ရှိနေပြီး ဝန်ဆောင်မှုစရိတ်စကများနှင့် စပ်လျဉ်း၍လည်း အစိုးရ၏ ထိန်းချုပ်မှုများရှိနေကြောင်း သိရသည်။ ၎င်းတို့၏ ပုဂ္ဂလိကဆေးရုံများတွင် မြန်မာ အပါအဝင်ကမ္ဘာ အရပ်ရပ်မှ နိုင်ငံတကာလူနာပေါင်း နှစ်စဉ်သန်းနှင့်ချီ လာရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိရာ ဝင်ငွေအားဖြင့်လည်း အမေရိကန်ဒေါ်လာ သန်းပေါင်းထောင်နှင့်ချီ၍ ရရှိနေကြသည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း ခွင့်ပြုရာတွင် ပြည်သူလူထု အနေဖြင့် မိမိတို့၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရွေးချယ် နိုင်ရန် ရည်ရွယ်ချက်လည်း ပါရှိသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု စနစ်ထဲတွင်ပါဝင်ကာ မိမိတို့၏အရည်အသွေးကို မြင့်သည်ထက်မြင့်အောင် မြှင့်တင်၍ နိုင်ငံတကာကျန်းမာရေး စောင့်ရှောက်မှု ဈေးကွက်ထိတိုင် ထိုးဖောက် အောင်မြင်နိုင်ကြ ပါစေကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)