Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေး တက်ညီလက်ညီကြိုးပမ်း

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့ပြီး စီးပွားရေးတွင် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းတွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ပြီး ထိုက်သင့်သလောက် တိုးတက်ခဲ့သည်။ စီးပွားရေး တိုးတက်မှု ရှစ်ရာခိုင်နှုန်းရရှိခဲ့ပြီး ပထမသက်တမ်း နောက်ဆုံးနှစ်တွင် စီးပွားရေးအနည်းငယ် ကျဆင်းခဲ့သည်။ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း ပထမနှစ်တွင် စီးပွားရေးတိုးတက်မှု အားကောင်းမည့် အလားအလာများရှိခဲ့သော်လည်း တတိယနှစ်မှစ၍ စီးပွားရေးကျဆင်းလာခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားတိုးတက်မှု သုံးရာခိုင်နှုန်းကျော်ခန့်သာရှိပြီး နောက်ပိုင်းတွင် အနုတ်လက္ခဏာပြလာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံ့စီးပွားကျဆင်းမှုကို သိရှိနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနလေးခုက လေ့လာသုံးသပ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံ့စီးပွားရေး အတက်အကျဖြစ်ခြင်းသည် ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံတော်၏ ရငွေ၊ ပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဘေးဒဏ်ကျရောက်မှု၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းမှု၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များရှိမှုတို့နှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရသည်။ ထို့အပြင် လုပ်သင့်လုပ်ထိုက်သည်များကို အချိန်မီဆောင်ရွက်နိုင်ခြင်း မရှိခြင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ တစ်ဖက်တွင် ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံကြီးအချို့က ၎င်းတို့လိုရာ စိတ်တိုင်းကျ ပုံစံမျိုးဖြစ်စေရန် ဖန်တီးဆောင်ရွက်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ နည်းပါးနေသည်ကို တွေ့ရသည်။ မြေအရင်းအမြစ်ကို အကျိုးရှိစွာ အသုံးချမှုနည်းပါးပြီး အသုံးပြုနေသည့် မြေတစ်ဧကချင်းအလိုက် အကျိုးရှိစွာ ဆောင်ရွက်မှုအားနည်းသည်ကို တွေ့ရသည်။ နိုင်ငံအတွင်း ရေ၊ မြေ၊ သယံဇာတနှင့် လူသားအရင်းအမြစ်များ ရှိပြီးဖြစ်သော်လည်း စွမ်းအားရှိသမျှ အသုံးမပြုနိုင်သဖြင့် နိုင်ငံ၏ အကြီးမားဆုံး လယ်ယာကဏ္ဍတွင် ဂျီဒီပီပါဝင်မှု နည်းပါးနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ပြည်ပပို့ကုန်အားနည်းသဖြင့် နှစ်ပေါင်းများစွာ လိုငွေများဖြစ်ပေါ်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၆၁ ဘီလီယံရှိသည်။ လိုငွေများကို ကုန်သွယ်မှုမဟုတ်သည့် ဝင်ငွေများမှ သုံးစွဲခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတကာမှ ပိတ်ဆို့မှုများ လုပ်ဆောင်လာသည်။ ရှိပြီးနိုင်ငံခြားငွေများ သုံးစွဲမှုမရနိုင်စေရန်၊ ရရန်ရှိသည့် ရောင်းကုန် ပစ္စည်းငွေများ မပေးချေနိုင်စေရန် ပိတ်ဆို့နှောင့်ယှက်မှုမျိုးစုံအား ယခုအချိန်အထိ ပြုလုပ်လျက် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဖြစ်ပေါ်ခဲ့သော နိုင်ငံ၏စီးပွားရေး အခြေအနေများကို ဆင်ခြင်သုံးသပ်ပြီး “ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည် နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးစီမံကိန်းများကို စနစ်တကျ အကောင်အထည်ဖော်ခဲ့သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ရှိပြီး ရေ၊ မြေ၊ သယံဇာတများနှင့် လူသားအရင်းအမြစ်များကို ထိရောက်စွာ အသုံးချသည်။ ၂၀၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာသည်။ စီးပွားရေးတွင် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ကပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ပြည်တွင်းစီးပွားရေးနှင့် ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၌ ဒေသတွင်း စားသုံးမှု၊ နိုင်ငံအတွင်း စားသုံးမှုအတွက် ဖူလုံအောင်ထုတ်လုပ်ခြင်းနှင့် ပြည်ပပို့ကုန်အတွက် ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အသေချာဆုံးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် အခက်အခဲ၊ အတိုက်အခိုက်၊ အနှောင့်အယှက်များကြားမှ စည်းလုံးညီညွတ်မှုစွမ်းပကားများဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည်။ ဆက်လက်၍ လယ်ယာထွက်ကုန် ဆန်စပါး၊ ဆီထွက်သီးနှံ၊ ဝါ၊ ကော်ဖီ၊ ရော်ဘာ၊ မီးဖိုချောင်သုံးသီးနှံများနှင့် မွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်များလျှော့ချ၍ အသုံးစရိတ်များ ချွေတာရေးတို့ကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြပါက နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာမည်မှာ သေချာပါကြောင်း။

ကြေးမုံအယ်ဒီတာ့အာဘော်