နေပြည်တော် ဩဂုတ် ၁၆
စိုက်ပျိုးရေ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သမ္ဘာန်နည်းပညာ ပြန့်ပွားရေးစခန်းသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၊ CERP Plan အရ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်ထားရှိမှု၊ IFAD နှင့် ပူးပေါင်းကာ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ထားသော ရေပေးမြောင်းပြင်ဆင် ဆောင်ရွက်ထားမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးလှကျော်၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုတို့က မျိုးစေ့ထုပ် တစ်ဧကလျှင် ငွေကျပ် ၈၃၅၀၀ နှုန်းဖြင့် မျိုးစေ့ထုတ်ဧက (၂၁၄) ဧကအတွက် ငွေကျပ် ၁၇,၈၆၉,၀၀၀ ကို ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ် အကျိုးဆောင်တောင်သူ ကိုယ်စားလှယ်များထံ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် YSI အဖွဲ့များ၏ မျိုးစေ့ထုတ်နည်း ပညာပေး စံပြစိုက်ခင်း (၅) ဧက၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှင့် အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် ရေပေးမြောင်းမှ စိုက်ပျိုးရေပေးဝေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ဧက ၄၃၁၃၆၅ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၇၃၁၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း မြို့နယ် (၇) မြို့နယ်၊ ကျေးရွာ (၇) ရွာရှိ တစ်မြို့နယ် တစ်ရွာဘက်စုံ အဆင့်မြင့်နည်းပညာ သုံးစံပြ ကျေးရွာများတွင် လယ်မြေဧရိယာ ၂၈၃၉ ဧက ကို လည်းကောင်း၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP) အရ မျိုးစေ့ထုတ်ဧက (၇၆၀) ကိုလည်းကောင်း၊ CERP Plan အရ ကျေးရွာ ၁၉ ရွာတွင် Contract Farming ဧက (၃၀၀၀) ကိုလည်းကောင်း လျာထား စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်း ပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ် မြို့နယ်တို့တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလ (၂၀၁၉-၂၀၂၀) ခုနှစ်အတွင်း စီမံကိန်းဧရိယာများတွင် စိုက်ပျိုး ပညာပေးရေး စခန်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာအုပ်စု ထီလုံကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း (CDD) (တတိယနှစ်စက်ဝန်း)ဖြင့် ဆောင်ရွက်ထားသည့် ကျေးလက်မီးလင်းရေးကိုလည်းကောင်း၊ အထက်ရေပူကျေးရွာအုပ်စု ထီလင်းဝင်းသာ ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် ကျောက်ရောမြေသား လမ်းခင်းခြင်း လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ/ကျေးရွာသားများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ဖြင့် ကျေးရွာ (၅၀) တွင် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီများ ဖွဲ့စည်းခြင်း၊ ကျေးရွာစာရင်းရှင်ဖွင့်လှစ်ခြင်း၊ မြို့နယ်မှ ကျေးရွာသို့ ရန်ပုံငွေ လွှဲပြောင်းခြင်း၊ ချေးငွေအဆိုပြုလွှာ ခေါ်ယူခြင်း၊ ချေးငွေအဆိုပြုလွှာစိစစ်ခြင်း၊ ချေးငွေထုတ် ချေးခြင်းများအား ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်သည်။ Cash For Work စီမံကိန်းဖြင့် မြို့နယ် (၇) မြို့နယ်ရှိ ကျေးရွာ (၁၁၀)ရွာတွင် စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၃၀ လျာထားဆောင်ရွက်လျက်ရှိပြီး ပြည်နယ် တစ်ခုလုံးအနေနှင့် ၃၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)