Skip to main content

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဂန့်ဂေါမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေး

မကွေး     သြဂုတ်     ၁၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးပြူးလွင်၊ တိုင်းဒေသ ကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက  ဂန့်ဂေါမြို့နယ်၊ ကုက္ကား ကျေးရွာတွင် ကျေးရွာတွင်းလမ်း ကျောက်ရော မြေခင်းခြင်း(၁၀၀၀')၊ ရေမြောင်း(၁၅၂၉၀') လုပ်ငန်းတို့ကို ကြည့်ရှု စစ်ဆေးရာ ခရိုင်နှင့်မြို့နယ် ကျေးလက် ဦးစီးဌာနမှ တာဝန်ရှိသူများက  ရှင်းလင်းတင်ပြပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံကာ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Cash For Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းပါးသော ကျေးလက်နေ ပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေရရှိကာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြု ငွေ ကျပ်သိန်း(၁၀၀)ချထားပေးပြီး ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်တွင် အပြီး သတ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါရွာတွင်းလမ်းသည် နိုင်ငံတော်အစိုးရ၏ CERP အစီအစဉ်အရ Covid-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် ဝင်ငွေရရှိစေရန်   ရည်ရွယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်ကာ ကျေးရွာပြည်သူများ ကိုယ်တိုင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ ငွေကျပ်(၁၀၀)သိန်းဖြင့် ရွာတွင်းလမ်းလည်းဖြစ်၊ ဝင်ငွေလည်း ချက်ခြင်းရသည့်အတွက် ကျေးရွာ ပြည်သူများ ဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)