Skip to main content

(၉)ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၄

(၉)ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များပါဝင်လျက် Virtual Meeting အဖြစ် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပသည်။

တက်ရောက်ဆွေးနွေး

အစည်းအဝေးကို လာအိုနိုင်ငံ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Dr. Saynakhone Inthavong က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Dr. Saynakhone Inthavong က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးအစီအစဉ်အရ ASEAN Specialized Meteorological Center (ASMC)မှ မဲခေါင် ဒေသအတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ (၁၅)ကြိမ်မြောက် လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုအစီရင်ခံစာအပေါ် အတည်ပြုခြင်း၊ ၂၀၁၇ ချင်းရိုင်စီမံချက် အကောင်အထည် ဖော်နိုင်မှုအပေါ် ပြန်လည်သုံးသပ်ခြင်းတွင် စီမံချက်အရ မဲခေါင်ဒေသခွဲနိုင်ငံများ၏ မီးလောင်ကျွမ်းမှုအရေအတွက် Hotspot Counts ၅၀၀၀၀ ထက် မကျော်လွန်စေရေး လျာထားသတ်မှတ်မှုကို ၂၀၂၅ ခုနှစ်အထိ တိုးမြှင့်ဆောင်ရွက်မည့်ကိစ္စ၊ မဲခေါင်ဒေသခွဲနိုင်ငံများအကြား မီးခိုးမြူငွေ့ထိန်းချုပ်မှု စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တိုးတက်မှု အခြေအနေများကို ဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ (၂၀၁၆-၂၀၂၀)အပေါ် ပြန်လည် သုံးသပ်ခြင်း၊ အာဆီယံသစ်ဆွေးမြေဆိုင်ရာ စီမံခန့်ခွဲမှု မဟာဗျူဟာကို သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း သစ်ဆွေးမြေများ ရေရှည်တည်တံ့စေရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များ အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော EU ၊ IUCN ၊ GIZ ၊ GEC ၊ CIFOR ၊ IFAD တို့နှင့် ပူးပေါင်း၍ မဲခေါင်ဒေသတွင်း သစ်ဆွေးမြေများ ရေရှည်တည်တံ့စေရေးဆိုင်ရာ စီမံကိန်း၊ သစ်ဆွေးမြေနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ စီမံကိန်း၊ မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်ရာ အစည်းအဝေးကျင်းပမည့် အချိန်နှင့် နေရာတို့ကို အတည်ပြုခဲ့ပြီး မဲခေါင်ဒေသခွဲနိုင်ငံအသီးသီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့က နိဂုံးချုပ်အမှာစကားများ ပြောကြားသည်။

(၁၅)ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သြဂုတ် ၁၁ ရက်က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်