Skip to main content

အကြောင်းတရားတို့ပေါင်းစုံ စုစည်းညီညွတ်ရာမှသည် ရွှေရောင်ကာလတစ်ခုဆီသို့ …

မိုးကေနိုင်

အကြောင်းတရားတို့ ပေါင်းစုံညီညွတ်သည့်အခါ ကောင်းသောအကျိုးတရားတို့သည် ထွက်ပေါ်စမြဲသာ။ အကြောင်းကောင်း၍ အကျိုးကောင်းဖြစ်ရသည်။ အချို့သော ရလဒ်ကောင်းများဟူသည် ချက်ချင်း လက်ငင်းရရှိလာသည်မဟုတ်၊ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တည်ဆောက်ယူရသည်ကို ယနေ့ကာလ အားကစားကဏ္ဍ တိုးတက်မှုအချို့က ပြသနေသည်၊၊

ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရယူမည်ဆိုလျှင် အခြေခံအုတ်မြစ်ကောင်းများ ခိုင်ခံ့အောင် ဦးစွာပြုလုပ်ယူရသည်။ အခြေအနေဖန်တီးနိုင်မှု အပါအဝင် အဘက်ဘက်က အခက်အခဲ၊ အနှောင့်အယှက်၊ ထိခိုက်နစ်နာမှု၊ အားနည်းချက်များစွာရှိနေသည့် အခြေအနေမှာဆိုလျှင် ပိုဆိုးသည်။ အရင်းအမြစ်နှင့် သွင်းအားစု inputs တို့ ချို့တဲ့လှသည့် အခြေအနေများမှာ ရလဒ်ကောင်းများဖြင့် အကောင်းဆုံး outcomes ကို ရယူနိုင်ဖို့ဆိုလျှင် ဦးဆောင်မှုနှင့်ကောင်းမွန်ထိရောက်သော efficient ဖြစ်သည့် စီမံခန့်ခွဲမှုကသာ အရေးကြီးဆုံးဖြစ်သည်ကို ပြီးစီးအောင်မြင်ခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးက ပြသနေပါသည်။

အားပေးမှုအခွင့်အလမ်းအောက်မှာ အားသာချက်များတည်ဆောက်

အထက်ပါယူဆချက်ကို အောင်မြင်မှုများ ရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည့် အခမ်းအနားကြီးနှင့် ထိုအခမ်းအနားတွင် နိုင်ငံအကြီးအကဲ၏ ဂုဏ်ပြုမှတ်ချက်စကားနှင့် လမ်းညွှန်မှာကြားချက်များတွင် ထင်ဟပ်နေသည်။ ကာလအတန်ကြာ အားနည်းနေသည့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းကို အဆင့်ဆင့်ပြန်လည် စနစ်တကျဆောင်ရွက်ရမည်ဟူသည့် လမ်းညွှန်ချက် ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ကတည်းကပင် မှတ်သားခဲ့ရဖူးသည်၊၊

နိုင်ငံတစ်နိုင်ငံ အားကစားကောင်းမွန်ရန်ဆိုလျှင် အားကစားကွင်းကောင်းရှိရမည်။ အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံရမည်။ နည်းစနစ်ပိုင်း၊ နည်းပြပိုင်းကောင်းမွန်ရမည်။ အားပေးထောက်ပံ့သည့် ပရိသတ်ရှိရမည်၊ ပြည်သူ ပါရမည်။ ပါရမီရှိသော၊ ကျွမ်းကျင်သော အားကစားသမားများရှိရမည်။ ထိုအချက်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် တစ်ခုချင်း ဖြည့်ဆည်းပံ့ပိုးပေးနေသည်ကို တွေ့ရပါသည်။

ကျွန်တော်ထင်ပါသည်။ လက်ရှိနိုင်ငံတော် အကြီးအကဲသည် အားကစားကဏ္ဍကို အထူးအားပေးပုံရသည်။ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံတစ်ဝန်း ခရီးစဉ်များတွင် အားကစားကွင်း များစွာကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အဆင့်မီပြုပြင်မွမ်းမံရေး လမ်းညွှန်မှာကြား ခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများစွာ ဖြည့်ဆည်းပံ့ပိုးပေးခြင်းတို့ ဆောင်ရွက်သည်ကို သတင်းများတွင် တွေ့မြင်ရသည်။ ထိုလမ်းညွှန်ချက်နှင့်အညီ သုဝဏ္ဏအားကစားရုံကြီးမှာလည်း မြန်မြန်ဆန်ဆန် ပြန်လည်အဆင့်မြင့်မားလာခဲ့သည်။ တစ်နိုင်ငံလုံးက ဘောလုံးကွင်းများ အပါအဝင် အားကစားကွင်းများ ပြန်လည်တိုးတက်လာခဲ့သည်။ အားကစားပြိုင်ပွဲများ၊ လှုပ်ရှားမှုများ ပြန်လည်အသက်ဝင်လာခဲ့သည်။ နိုင်ငံတော် နေ့ကြီးနေ့ထူးများတွင် ကျောင်းသားလူငယ်လေးများ၏ အားကစားလှုပ်ရှားမှုများက နေရာယူလာခဲ့ကြသည်ကို တွေ့ရသည်။

ယခုနိုင်ငံတော်အကြီးအကဲသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘဝကပင် အားကစားနှင့်ပတ်သက်၍ အထူးအားပေးခဲ့သူဖြစ်သည်။ တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေး အဖွဲ့၊ တပ်မတော်အားကစားနှင့် ကာယပညာ ကော်မတီများဖွဲ့စည်းပြီး တပ်မတော်အားကစားကို မြှင့်တင်ခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား အားကစားသမားများ ပေါ်ထွန်းလာရေး အစဉ်တစိုက် အားပေးဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပြိုင်ပွဲများ၊ ဝန်ကြီးဌာနအားကစားပြိုင်ပွဲများ ပို၍ သွက်သွက်လက်လက်ရှိလာကြသည်ကို သတိထားမိသည်။ နိုင်ငံအနှံ့၊ နေရာအနှံ့ talent ဖြစ်သော၊ ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပိုင်နိုင်သော အားကစားရွက်ပုန်းသီးများ မြေလှန်ရှာဖွေ စုဆောင်းလေ့ကျင့်မည့် သတင်းစကားများကိုလည်း ကြားသိလာရသည်။ ကစားသမားဘက်ကချည်း မဟုတ်၊ နည်းစနစ်ပိုင်းတိုးတက်ဖို့ နည်းပြကောင်းများ ခန့်အပ်တာဝန်ပေးမှုများကိုလည်း မြင်ရပြန်သည်။ မြန်မာ့ရိုးရာ အားကစားနည်းများကို နိုင်ငံတကာပြိုင်ပွဲများမှာ ထည့်သွင်းကျင်းပလာနိုင်ရေးအတွက် ရိုးရာအားကစားနည်းအလိုက် ကမ္ဘာကသိလာအောင် အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်နေမှုများလည်း ရှိလာခဲ့ပြီဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုနှင့် ထောက်ပံ့အားပေးမှု ကောင်းခြင်းမှ ရရှိလာသည့် အောင်မြင်မှု

ဘယ်အရာမဆို ကြိုတင်ပြင်ဆင်မှုအားကောင်းခြင်းနှင့် ထောက်ပံ့အားပေးမှုက အောင်မြင်မှုဂုဏ်ကို ဆောင်ယူစမြဲဖြစ်သည်။ ပြည်သူတစ်ရပ်လုံး၏ သောသောညံ အားပေးလက်ခုပ်သံများကိုလည်း မေ့ထား၍မရ၊ အဘယ်သို့သောနိုင်ငံအရေး ကိစ္စမှန်သမျှ ပြည်သူမပါဘဲ မအောင်မြင်နိုင်ဟူသော အယူအဆသည် ဤဆီးဂိမ်းပြိုင်ပွဲကစ၍ ပို၍ထင်ရှားလာသည်ကို သတိပြုမိသည်။ နိုင်ငံတော်အလံကို တိုင်ထိပ်ဖျားဆီလွှင့်တင်နိုင်ရုံမက နိုင်ငံအလံကိုလွှမ်းခြုံ၍ ကွင်းထဲပတ်ပြေးပရိသတ်ကို နှုတ်ဆက်အောင်ပွဲခံ၊ နိုင်ငံတော်သီချင်းကိုလည်း အဝေးဆီတိုင် လွင့်ပျံ့အောင် စွမ်းဆောင်ခဲ့ကြသည့် မြင်ကွင်းများကား အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပုံကို ပြသနေသည်။

အားကစားပွဲများ၌ အနိုင်ရ၍ မြန်မာ့အလံလွှင့်တင်ဂုဏ်ပြုခံရတိုင်း၊ မြန်မာနိုင်ငံတော်သီချင်း သီဆိုဂုဏ်ပြုခံရတိုင်း ဖြစ်ပေါ်လာသည့် ဂုဏ်ယူစိတ်ကို ဘာနဲ့မှလဲလို့ရမည်မထင်။ အားကစားကို မြှင့်တင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေခြင်း ဖြစ်ပါသည်။ မြန်မာကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။ မြန်မာကို ဂုဏ်ယူလိုစိတ်၊ မြန်မာ့စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းပင် ဖြစ်ပါသည်။

ယှဉ်ပြိုင်ခွင့်ရှိသည့် အားကစားနည်းပေါင်း ၃၆ နည်းအနက် ၁၉ နည်း (၅၂.၇၈ % ဖြင့်) မှာသာ ယှဉ်ပြိုင်စွမ်း ရှိခဲ့သည်။ အားကစားသမား ၃၄၁ ဦး (ယှဉ်ပြိုင်သူ နိုင်ငံစုံမှ အားကစားသမားများ၏ ၅.၅ %) ၊ နည်းပြ ၁၀၄ ပေါင်း ၄၄၅ ဦးဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအထဲမှ အားကစား ၈ နည်းတွင် ရွှေတံဆိပ် ၂၁ ခု ဆွတ်ခူးခဲ့ကြသည်။ ကျန် ၉ နည်းတွင် ငွေ ၂၅ ခု၊ ကြေး ၆၈ ခု ပေါင်း ဆုတံဆိပ်ပေါင်း ၁၁၄ ခုတို့ရရှိခဲ့ကြသည်။ မြန်မာပြည်သူတို့ အားပေးမှုအများဆုံး ဘောလုံးပြိုင်ပွဲမှာ အမျိုးသမီးအသင်းက အစဉ်အလာပြိုင်ဘက် ထိုင်းအသင်းကို အနိုင်ယူ၊ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီးမှ ဘောလုံးအင်အားကြီး ဗီယက်နမ်ကို အရေးနိမ့်ခဲ့ရသည်။ အမျိုးသားအသင်းကလည်း အကြိုဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သည်။ မြန်မာအားကစားတစ်ဖွဲ့လုံးသည် နိုင်သင့်သည့်ပွဲများတွင် ပြိုင်ဘက်များကို ဂုဏ်သိက္ခာရှိရှိ အနိုင်ယူခဲ့ကြသည်ဖြစ်၍အတိုင်း အတာတစ်ခုအထိတော့ မြန်မာပြည်သူတို့ ကျေနပ် ခဲ့ကြသည်ဟု ဆိုရပါမည်။

အားကစားသမိုင်းတစ်ခုသာမက နိုင်ငံသမိုင်းမှတ်တိုင်တစ်ခုလည်း စိုက်ထူနိုင်ခဲ့ပြီ

ဆက်လက်၍ မြန်မာအားကစားအဖွဲ့၏ နှစ်အလိုက် အောင်မြင်မှုအတိုင်းအဆကိုလည်း ခန့်မှန်းကြည့်ကြပါစို့..။ ယခုတစ်ကြိမ် အောင်မြင်မှုကို ၁၉၈၁ ခုနှစ်နောက်ပိုင်း အိမ်ရှင်အဖြစ်ကျင်းပသော အခြားနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်များနှင့် နှိုင်းယှဉ်လေ့လာလျှင် ၃၃.၄၃% အများဆုံးသော ရာခိုင်နှုန်းဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဆီးဂိမ်း (၂၇) ကြိမ်မြောက်မှ ယခု (၃၂) ကြိမ်မြောက်အထိ အောင်မြင်မှုအခြေအနေ အကဲဖြတ်ဆန်းစစ်ချက်က ရာခိုင်နှုန်းအားဖြင့် အများဆုံးဖြစ်သလို အချိုးအားဖြင့်လည်း အမြင့်ဆုံးဖြစ်သည်ကို လေ့လာမိသည်။

(၃၁) ကြိမ်မြောက်ပြိုင်ပွဲတုန်းကမူ ဖိအားများကြားမှ နည်းနည်းနှင့် ကျဲကျဲဝိုင်းခဲ့ရသည်။ ယခု (၃၂) ကြိမ်မြောက်တွင်မူ ပို၍ပြည့်စုံသည့် နိုင်ငံတော်ဘက်က ကျေနပ်ဖွယ်ရာ ပြင်ဆင်ပေးမှု၊ အားပေးထောက်ကူမှု၊ ကဏ္ဍအလိုက်အားထည့်မှုအစုံအစုံကို တွေ့မြင်ခဲ့ရသည်။

ပြီးခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများစွာ ပေါ်ထွက်ခဲ့ခြင်းမှာ အမြတ်တစ်ခုပင်ဖြစ်သည်။ ထူးချွန်ပြောင်မြောက်သော အရည်အသွေးကောင်းများနှင့် မဆုတ်မနစ်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် စိတ်ဓာတ်ကောင်းများပိုင်ဆိုင်ရာ တကယ့်အားကစားသမားကောင်းများပင်ဖြစ်သည်။ သူတို့သည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ဆုတံဆိပ်များရယူပေးခဲ့ပြီး သမိုင်းမှတ်တမ်းကောင်းတစ်ခုဖြင့် အားကစားမှတ်တိုင်တစ်ခုကို အောင်အောင်မြင်မြင် စိုက်ထူနိုင်ခဲ့ကြသည်။

မဖြစ်နိုင်ဘူးဟု ထင်သည့်အရာများကို ဖြစ်အောင်လုပ်ခဲ့ကြသည်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဖြင့် အားကစားမှတ်တိုင်တစ်ခုသာမက နိုင်ငံသမိုင်းမှတ်တိုင်တစ်ခုအဖြစ်လည်း တွင်ခဲ့ပါပြီ။ နည်းပြ/အုပ်ချုပ်သူများကော အားကစားသမားများပါ နိုင်လိုစိတ်ပြင်းပြစွာဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်တို့ဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်မှာ မှတ်တမ်းတစ်ခုဖြစ်သည်။ အားကစားကို တန်ဖိုး ထားပြီး ကိုယ့်အလုပ်ကိုယ်လုပ် ပရော်ဖက်ရှင်နယ် ပီသစွာ၊ စည်းကမ်းစနစ်တကျရှိစွာဖြင့် ယှဉ်ပြိုင်ခဲ့ ကြသူများဖြစ်ကြ၍ အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြု ခံထိုက်သူများလည်းဖြစ်သည်။ ပြိုင်ပွဲမဝင်မီကပင် အပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့ကြပြီး တာဝန်ရှိသူများဘက်ကလည်း မကြာခဏပင် လေ့ကျင့်ရာကွင်းများရှိ နိုင်ငံ့လက်ရွေးစင်လောင်းများကို ကြပ်မတ်ကြည့်ရှုအားပေးခဲ့ကြသည်မှာ အောင်ပွဲတစ်ခု၏ ပြယုဂ်တစ်ခုပင်ဖြစ်သည်။

ဂုဏ်ပြုမှုဖြင့်ထိုက်တန်သူများအတွက် မကြုံစဖူးထူးကဲသည့် ချီးမြှင့်မှုများ

သူတို့သည် အမိနိုင်ငံအတွက် ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်၍ ထိုက်ထိုက်တန်တန် ချီးမြှင့်ခံထိုက်သူများဖြစ်ကြပါသည်။ နိုင်ငံ့ဂုဏ်ဆောင်တစ်ဦးချင်း ရွှေတံဆိပ်ဆုရအားကစားသမား တစ်ဦးအတွက် ချီးမြှင့်ငွေမှာ ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ် ပိုင်ရှင်တစ်ဦးအတွက် ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ပိုင်ရှင်တစ်ဦးအတွက် ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေရပါက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေရပါက ကျပ်သိန်း ၇၀၊ ကြေးရပါက ကျပ် ၃၅ သိန်း၊ နည်းပြ/အုပ်ချုပ်သူများ အတွက်မူ ရွှေရပါက ကျပ်သိန်း ၁၀၀၊ ငွေရပါက ကျပ်သိန်း ၅၀၊ ကြေးရပါက ကျပ်သိန်း ၃၀ စသည်ဖြင့် အသီးသီးချီးမြှင့်ခံကြရသည်။ ဗိုလ်လုပွဲနွှဲခဲ့သည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းဆိုလျှင် အမေရိကန်ဒေါ်လာ ၅ သောင်း၊ အကြိုဗိုလ်လုပွဲ အထိတက်ရောက်နိုင်ခဲ့သည့် အမျိုးသားဘောလုံး အသင်းကတော့ ဒေါ်လာ ၂ သောင်း စသည်ဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်ခံခဲ့ရသည့် သတင်းများ ကား မိဘပြည်သူများအတွက် ဝမ်းမြောက်ဂုဏ်ယူ ဖွယ်ရာများပင် ဖြစ်သည်။

ဆုကြေးငွေများအနေဖြင့် စုစုပေါင်းငွေကျပ် ၃၃၃၃ သန်း၊ အမေရိကန်ဒေါ်လာ ၇ သောင်းဟူသော ပမာဏမှာ ချီးမြှင့်မှုသမိုင်းတစ်လျှောက် များပြားသော ပမာဏတစ်ခုဖြစ်သည်။ ယခုတစ်ကြိမ် ချီးမြှင့်မှုပုံစံသည် အားကစားသမားများ၏ ရေရှည်ဘဝအာမခံချက်အတွက်လည်း တစ်ပိုင်းတစ်စ ဖြည့်ဆည်းရာရောက်သည်ဟု ဆိုချင်သည်။ ဥပမာ.. ကစားသမားတစ်ဦးရရှိသည့် ချီးမြှင့်ငွေ သိန်း ၃၀၀ ဆိုပါစို့၊ တစ်လ ၅ သိန်း သုံးသွားမည်ဆိုလျှင် လပေါင်း ၆၀၊ ၅ နှစ်စာအထိ သုံးစွဲ၍ရသည်။ တစ်လ ၁၀ သိန်း သုံးလျှင်ပင် လပေါင်း ၃၀၊ ၂ နှစ်ခွဲ သုံးစွဲ၍ ရသည်။ နိုင်ငံတော်၏ စေတနာပင်ဖြစ်သည်။ ၂ နှစ် တစ်ကြိမ်ပြိုင်ရသည့် ဆီးဂိမ်းတစ်ခုက အောင်မြင်သူ၏ ဘဝအာမခံချက်အတွက် ချီးမြှင့်ပေးရာရောက် သည်ဟု ခံယူသင့်ပါသည်။

နိုင်ငံတော်ဘက်က ငွေကြေးဓနပြည့်စုံနေ၍ လည်းမဟုတ်၊ အားကစားသမားဘက်ကလည်း ငွေကြေးမက်မော၍ ယှဉ်ပြိုင်ခြင်းလည်းမဟုတ်ပါ။ နိုင်ငံအတွက် ကြိုးစားဂုဏ်ဆောင်ခဲ့သူများဖြစ်၍ ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်းသည်ပင် မင်္ဂလာတစ်ပါးဖြစ်သည်ဟု ခံယူ၍ဖြစ်ပါသည်။ ထို့ကြောင့် ဆီးဂိမ်းတစ်ခုနှင့် တစ်ခုအကြား ၂ နှစ်အတွင်းမှာ လုပ်နိုင်၊ ကိုင်နိုင်သမျှ ခွန်အားအပြည့်ဖြင့် ဆက်လက်ကြိုးစားလေ့ကျင့်ပါက နောင်ပြိုင်ပွဲ များစွာအထိ အောင်မြင်မှုအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်သလို မိမိတို့၏ ဘဝအာမခံချက်သည်လည်း စဉ်ဆက်မပြတ်ပြည့်ဝလာမည်ဟု ယုံကြည်ပါသည်။ ဂုဏ်ပြုမှုဖြင့် ထိုက်တန်သူများကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုခြင်းဖြင့် ပို၍ ပို၍ စိတ်ဓာတ်ကောင်းလာအောင်အားပေးမြှင့်တင်ခြင်း moral up ဖြင့် လိုအပ်နေသော ကွက်လပ်တစ်ခု ကို ဖြည့်ဆည်းလိုက်ခြင်းဟု မြင်မိပါသည်။

ဝဏ္ဏကျော်ထင်ဘွဲ့နှင့် လူမှုထူးချွန်များ ချီးမြှင့်ပေးခဲ့

နိုင်ငံတော်က ဂုဏ်ပြုမှုများကိုလည်း သတိရမိသေးသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအနက်မှ ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန် ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန် ဒုတိယအဆင့် ၃၉ ဦး၊ လူမှုထူးချွန် တတိယအဆင့် ၆၉ ဦးအား ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်လည်း အာရှအားကစားပြိုင်ပွဲ၌ ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမား ၁၂ ဦးနှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၅ ခုအထက် ရရှိခဲ့ကြသူ အားကစားသမားများအနက်မှ ၂၄ ဦးကို “လူမှုထူးချွန်ပထမအဆင့်” ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

ခေတ်အဆက်ဆက် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သူများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို အသက်(၆၀) ပြည့်မြောက်သည့် အချိန်မှစ၍ (နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာ ကဲ့သို့) သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိ ကြောင်း သိရပါသည်။ နိုင်ငံတော်က လစဉ်ချီးမြှင့် ထောက်ပံ့ငွေ ပေးအပ်မှုအခြေအနေကို ဖော်ပြရလျှင် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခု ရယူပေးနိုင်ပါက လစဉ်ချီးမြှင့်ငွေကျပ် နှစ်သိန်း၊ ငွေတံဆိပ်တစ်ခုရယူပေးနိုင်ပါက လစဉ်ချီးမြှင့် ငွေကျပ် တစ်သိန်းငါးသောင်း၊ ကြေးတံဆိပ်တစ်ခု ရယူပေးနိုင်ပါက လစဉ်ချီးမြှင့်ငွေကျပ် တစ်သိန်းချီးမြှင့်ပေးအပ်လျက်ရှိပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၀ ခု အထက် ရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့်ငွေကျပ် တစ်သိန်း ငါးသောင်း၊ ရွှေတံဆိပ်ငါးခုမှ ကိုးခုအထိ ရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့်ငွေကျပ် တစ်သိန်း၊ ရွှေတံဆိပ်တစ်ခုမှ လေးခုအထိ ရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့် ငွေကျပ် ခုနစ်သောင်း၊ ငွေတံဆိပ်တစ်ခု ရရှိခဲ့သူဖြစ် ပါက လစဉ်ချီးမြှင့်ငွေကျပ် ငါးသောင်း၊ ကြေးတံဆိပ် တစ်ခုရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့်ငွေကျပ် သုံးသောင်းတို့ကို ပေးအပ်ချီးမြှင့်လျက်ရှိပါသည်။

ယနေ့အထိနိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ဟောင်းကြီး ၂၃၀ အား လစဉ် ၁၅၅,၁၀,၀၀၀/- (ကျပ်တစ်ရာငါးဆယ်ငါးသိန်းတစ်သောင်းတိတိ)အား ပုံမှန်ထောက်ပံ့ပေးအပ်လျက်ရှိသည်။

လိုအပ်နေသည့် ကွက်လပ်များကား ရှိနေဦးမှာ ဖြစ်သော်လည်း နိုင်ငံလက်ရွေးစင် အားကစားသမားများအတွက် ဘဝအာမခံချက်ရရှိရေး၊ ထိုက်သင့်သည့်ချီးမြှင့်ငွေနှင့် ရပိုင်ခွင့်များကို ဆက်လက် ဖြည့်ဆည်းပေးရမည်ဟု ခံယူထားချက်များရှိပြီး ဖြစ်သည်ဟု သိရှိရသည့်အတွက် များစွာအားတက်မိပါသည်။ နိုင်ငံ၏အားကစားလောကနှင့် လက်ရွေးစင် အားကစားသမားများ၏ ဘဝအာမခံချက်ကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအမြင်နှင့် ဆက်စပ်စဉ်းစား ကြည့်မိသည်။ နိုင်ငံလက်ရွေးစင်ဖြစ်ခဲ့ဖူးသူများကို နောင်မျိုးဆက်များအတွက် နည်းပြများအဖြစ် မမြင်သင့်ဘူးလား။ ကိုယ့်လူမျိုးကိုယ့်လူငယ်တွေအတွက် တာဝန်ယူ၊ တာဝန်ခံပေးမည့် အောင်ပွဲဆာလောင်သည့် ကိုယ့်လူမျိုးနည်းပြများကိုပင် အစဉ်အဆက် နည်းပြတာဝန်ပေးခြင်းဖြင့် အစဉ် ဖွံ့ဖြိုးတိုးတက်နေမည့် အားကစားစက်ဝန်းကို အိပ်မက်မက် နေမိသည်။

ထင်ရှားအောင်မြင်ခဲ့သည့်မြန်မာ့အားကစား ပြန်လည်နိုးထရန်အခါကောင်း

တစ်ချိန်က မြန်မာ့အားကစားလောကနှင့် မြန်မာ့အားကစားနည်းအချို့သည် မြန်မာနှင့် ကမ္ဘာတွင်ပါ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည်။ အားကျအတုယူဖွယ်ရာများ ရှိခဲ့သည့်အကြောင်း များစွာကို အားကစားမော်ကွန်းများတွင် ရေးထိုးခဲ့ကြဖူးသည့် မှတ်တမ်းများစွာအား တွေ့မြင်ဖူးကြပါ လိမ့်မည်။ နောက်တော့ မြန်မာ့အားကစား တဖြည်းဖြည်း ပြန်လည်မှေးမှိန်သွားရပြန်သည်မှာ ကာလအတော်ကြာခဲ့သည်။ ယခုနှစ် ယခုကာလ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာတော့ မြန်မာ့အားကစားလောက ပြန်လည်နိုးထမှုတစ်ခုကို တွေ့မြင်လိုက်ရသလို အားလုံးက ခံစားမိကြသည်။

တစ်ချိန်က မှတ်တမ်းကောင်းများရှိခဲ့သည့် ရေကူးတင်မောင်နီ၊ တာဝေးအပြေးဘုရင် ရှင်မွေးဂန်း၊ ဘောလုံးလောက၌ ဗဟာဒူး၊ ဂိုးတင်အောင်၊ အေးမောင်လေး၊ အေးမောင်ကြီး၊ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်းတို့ ထင်ရှားခဲ့သည့် မြန်မာ့ဘောလုံး လောက၊ ဘော်လီဘော၊ လက်ဝှေ့၊ အလေးမ ကျော်သက်၊ ဂျူဒို၊ ဂျနီဖာသန်းသန်းတို့လို ပြေးခုန်ပစ် လက်ရွေးစင်များ ပေါ်ထွန်းခဲ့ဖူးရာ အားကစားနည်းများ ပြန်လည် ထွန်းတောက်လာရေး ရုန်းထအားယူရန်၊ အထူးသဖြင့် မြန်မာလူမျိုးတို့ သည်းခြေကြိုက် ဘောလုံးကစားပြိုင်ပွဲများ ထူးထူးချွန်ချွန်ဖြင့် ပြန်လည်အောင်မြင်မှုများ ရရှိလာရန်၊ နောက်ဆုံးနိုင်ငံတကာ အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်လိုအပ်ပုံများကို နိုင်ငံအကြီးအကဲ၏ လမ်းညွှန်မှာကြားချက်တွင် တွေ့ရသည်က အလေးထားဆောင်ရွက်ရန် ဦးတည်ချက်များပင်ဖြစ်သည်ဟု ခံယူထားရပါမည်။

နိုင်ငံချစ်စိတ် မျိုးချစ်စိတ်နှင့် ယှဉ်၍

တကယ်တော့ မြန်မာ့အားကစားလှုပ်ရှားမှုကို မြန်မာ့အမျိုးသားရေးလက္ခဏာများနှင့် ယှဉ်စပ်ထင်ဟပ်ပြီး အမျိုးသားရေးလှုပ်ရှားမှုအသွင် တန်ဖိုးထား ဆောင်ရွက်နေသည်ဟုလည်း ယူဆပါသည်။ ယခုလို ချီးမြှင့်ထောက်ပံ့ခြင်းများ အပါအဝင် အားကစားကဏ္ဍကို မြှင့်တင်ခြင်း ပုံစံအမျိုးမျိုးသည်ပင် နိုင်ငံတော်ကာကွယ်ရေးအတွက် အားတစ်ခု၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာတွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်းလည်း မည်ပါသည်။

ယခုကဲ့သို့ နိုင်ငံအလိုက်အားကစားအောင်မြင် မှုတွင် ဇွဲ၊ လုံ့လ၊ စွမ်းဆောင်ရည်များနှင့်ထပ်တူ မျိုးချစ်စိတ်အခံလည်းပါမှ အောင်မြင်သကဲ့သို့ ထိုနိုင်ငံချစ်စိတ် မျိုးချစ်စိတ် အရင်းခံကြောင့်ပင် တစ်မျိုးသားလုံး၏ ဇာတိသွေးဇာတိမာန်ကို ရှင်သန်တက်ကြွစေပြန်ပါသည်။ အထူးသဖြင့် လူငယ်များ၏ နိုင်ငံနှင့်လူမျိုးအတွက် အောင်မြင်လိုစိတ် နိုင်လိုစိတ်ပြင်းပြမှု mind set ကို ပြုပြင်ပြောင်းလဲရာ ရောက်စေမည်ဖြစ်သည်။ ထိုမှတစ်ဖန် လူငယ်လူရွယ်များက အားကစားကို ပိုမိုစိတ်ဝင်စားလာကြပြီး ထူးချွန်ထက်မြက်သော အားကစားမျိုးဆက် သစ်များ၊ နိုင်ငံ့သားကောင်းအမြောက်အမြားကိုလည်း ပေါ်ထွက်လာစေမည်သာဖြစ်ပါသည်။

ယနေ့လူငယ်များ၏ အောင်မြင်မှုများက နောင်လာနောက်သား မျိုးဆက်များအတွက် အားကျအတုယူဖွယ်ရာဖြစ်ပါသည်။ ဆက်လက်ရုန်းထကြမည့် အားမာန်များဖြင့် နိုင်ငံအတွက် အနာဂတ်မှာ ဆက်လက်သက်သေပြကြမည်ကို မြင်ယောင်နေမိပါသည်။ ယခုလို ဖိအားများကြား အချို့သော Amazing come back ပုံစံ ရှားရှားပါးပါး အောင်မြင်မှုမျိုးက နောင်မျိုးဆက်များအတွက် စံနမူနာပြဖြစ်နေသည်ကတော့ အသေအချာပင်ဖြစ်၍ ယနေ့လူငယ်များအတွက် စဉ်ဆက်မပြတ် အောင်မြင်မှုများ ဆက်တိုက်ရရှိရန် အားသာချက်များစွာကို ထပ်ဆင့်ပံ့ပိုးပေး ပါလိမ့်မည်။

ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရသမျှအင်အားဖြင့် နောက်တစ်ကြိမ် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးအထိ ဆက်လက်သယ်ဆောင်သွားကြမည်ဟု ပြည်သူတစ်ရပ်လုံးက ယုံကြည်ပြီးလည်းဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် အားကစား အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်၍ ယခုကတည်းက ပင် စုဖွဲ့လေ့ကျင့်မှုများ အပြင်းအထန်ပြုလုပ်ကြရပါတော့မည်။ ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲကလည်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ အားပေးနေချိန်၊ အောင်မြင်ရေးအတွက် အရှိန်အဟုန်ကောင်းများ စနေချိန်ထက် ကောင်းသောအချိန် မရှိတော့ပါ။ စုစည်းညီညွတ်စွာ တက်ညီလက်ညီ ကြိုးစားကြရန်သာလိုပါမည်။ သို့မှသာ ယနေ့အားကစား အောင်မြင်မှုမှတစ်ဆင့် နိုင်ငံနှင့်ပြည်သူအတွက် သွေးသစ်လောင်းနိုင်မည့် အစဉ်အလာကောင်းတစ်ခုကို မွေးဖွားနိုင်မည်ဖြစ်ကာ နိုင်ငံအတွက် အတိတ်နိမိတ်ကောင်းများစွာ ကိုလည်း သယ်ယူဆောင်ကျဉ်းပေးနေမည်ဖြစ်သည်ဟု ယုံကြည်မိပါသည်။ ။