Skip to main content

ဒုတိယဝန်ကြီး ဦးလှကျော် ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းများ တူးဖော်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  သြဂုတ်  ၁၃


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် သြဂုတ် ၉ ရက် ညနေပိုင်း က ပန်းတနော်မြို့နယ်အတွင်းရှိ ချောင်းကော၊ မြောင်းကော နှင့် ရေနုတ်မြောင်းများ တူးဖော်ထားရှိမှုအား ကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် ညွှန်ကြား‌ရေးမှူး ဦးကြည်ဆွေတို့က ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၀ ပြည့်နှစ် မိုးကာလအတွက် ကြိုတင်ပြင်ဆင်ထားမှုများ၊ တူးဖော်ပြီး ဖြစ်သော ရေနုတ်မြောင်း များအား မိုးတွင်းကာလတွင် ထိခိုက်ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ထားမှုများ၊ ‌ရေမြှင့် အဆောက်အအုံများ၊ ရေတံခါးများနှင့် ချောင်းဖြတ် ကွန်ကရစ်တံတား ပြုပြင်တည်‌ဆောက်ထားမှုများအား ရှင်းလင်းတင်ပြသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ဓနုဖြူ မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့တွင် အလျား ၂၇ ဒသမ ၉၅ မိုင်ရှိ ချောင်း‌ကော၊ မြောင်းကောနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာပေါင်း ၁၃၀ ကျော် နှင့် လယ်မြေဧက ၂၇၀၀၀ ခန့် ရေကြီးနစ်မြုပ်မှုကို လျော့နည်းသက်သာစေမည့်အပြင် မိုးနှောင်းကာလတွင် ရေကျ နောက်သီးနှံများ ဆောလျင်စွာ စိုက်ပျိုးနိုင်မည်ဖြစ် သည်။ ထို့အပြင် နွေစပါး စိုက်လယ်မြေ ဧက ၁၀၀၀၀ ခန့် အတွက် အောင်ရေ အပြည့်အဝသုံးစွဲနိုင်မည်ဖြစ်ပြီး ကုန်းလမ်း၊ ရေကြောင်းသွားလာရေးအတွက်ပါ ပိုမို အဆင် ပြေစေမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်း မြို့နယ် ကညင်ကောက်ကြီးကျေးရွာအုပ်စု ရိုးကြီး ကျေးရွာသို့ ရောက်ရှိကြရာ သမဝါယမဦးစီးဌာန ဦးစီး အရာရှိ ဒေါ်ခင်မာအေးက ရွှေညောင်တုန်း လယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်း လီမိတက် ၏ မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သမဝါယမလုပ်ငန်း ဆောင်ရွက်မှုများ၊ လယ်ယာသုံး စက်ကိရိယာများအား အရစ်ကျစနစ်ဖြင့် ဝယ်ယူထားပြီး အသင်းအစုအဖွဲ့အလိုက် ပြန်လည်ငှားရမ်းသုံးစွဲနိုင်စေရေး ဆောင်ရွက်ပေးနေမှုများ၊ ညောင်တုန်းမြို့နယ်အတွင်း သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ Action Plan(၈)ရပ်အပေါ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဌာနဆိုင်ရာဝန်ထမ်းအင်အား လိုအပ်ချက် များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ကျေးလက် ကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သမဝါယမကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှု သည်လည်း အရေးပါကြောင်း၊ အဓိကကျသည့် လူ့စွမ်းအား အရင်းအမြစ်၊ အကောင်အထည်ဖော်ရန် လိုအပ်သည့် နည်းပညာအပိုင်း၊ လုပ်ငန်းလည်ပတ်စေရေး ဘဏ္ဍာငွေ လျာထားဆောင်ရွက်မှု စသည့် ကဏ္ဍသုံးခုတို့တွင် သမဝါယမ၏ ဂုဏ်သဘောဖြစ်သည့် စည်းလုံးညီညွတ်မှု ရှိရေးသည် လိုရာအောင်မြင်မှုပန်းတိုင်ကို ‌ရရှိစေမည်ဖြစ် ကြောင်း၊ သမဝါယမဦးစီးဌာနမှ အရစ်ကျစနစ်ဖြင့် လယ်ယာသုံးစက်ကိရိယာများ ဆောင်ရွက်ပေးသလို သုံးစွဲသူ တောင်သူများကလည်း စနစ်တကျထိန်းသိမ်းပြီး အကျိုးရှိစွာ သုံးစွဲပေးကြစေလိုကြောင်း၊ လယ်ယာ အထောက်အကူပြု သမဝါယမအသင်းများ၊ သမဝါယမ၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် အသင်းသူ အသင်းသားများ အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ တူညီမှုကို ပူးပေါင်းလုပ်ဆောင်ပြီး မတူညီမှုများကို ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည့်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆားမလောက်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP)အရ SRI စနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးအားပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်