မန္တလေး ဩဂုတ် ၁၃
မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်သည် ယမန်နေ့ ည ၈ နာရီက အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်း ကြေညာထားမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးဦးအောင်ကြည်သည် အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်ပြီး မဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှုကို ကြည့်ရှု စစ်ဆေးကာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံ၍ ၂၀၂၀-ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှု မရှိစေရေး၊ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို အချိန်မီ ပြီးစီးအောင် လုပ်ဆောင်ပေးရေးတို့ကို လမ်းညွှန်မှာကြားသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဝန်ကြီး ဦးအောင်ကြည်နှင့်အတူ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာညီမင်းဟန်နှင့် ဒေါက်တာ အောင်ကျော်ဦး၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များကပါ လိုက်ပါကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)