Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)အား တောင်သူများလက်ဝယ်အရောက် ပေးအပ်

ဥတ္တရသီရိ          ဩဂုတ် ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည်  ယနေ့နံနက်(၈)နာရီက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တောင်သူများ လက်ဝယ် အရောက် ပုံစံ(၇)များပေးအပ်ခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ် ရခြင်းနှင့် စပ်လျဉ်း၍ ပုံစံ(၇)သည် တောင်သူဦးကြီးများအတွက် ပိုင်ဆိုင်မှု အထောက်အထား ဖြစ်သည့် အတွက်  အင်မတန်အရေးကြီး အသုံးဝင်ကြောင်း၊ မှန်မှန်ကန်ကန် အသုံးချတတ်ဖို့နဲ့ ထိန်းသိမ်း ကြဖို့လိုကြောင်း၊ စိုက်ပျိုးရာ တွင်လည်း ဆန်စပါးအပြင် ရာသီဥတုနှင့်ကိုက်ညီသည့် အခြားသီးနှံများ ကိုလည်းသက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သည့် စိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်း၍ စိုက်ပျိုးကြဖို့လိုကြောင်း၊ လယ်ယာမြေ ခွင့်ပြုလက်မှတ်ရရှိသောကြောင့် တရားဝင်ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့် စသည့် ကိစ္စရပ်များအား တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက် ပိုင်ခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အား တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူ ဦးတင်မောင်ဦးမှ ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အား ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုရားတောင်၊ တောင်ညိုနှင့် မောင်ရမ်းကျေးရွာအုပ်စုများမှ တောင်သူ (၈၃)ဦးအား လယ်ဧက (၉၅.၂၂)ဧကနှင့် ယာဧက (၁၀၉.၄၀)ဧက၊ စုစုပေါင်းလယ်ယာမြေဧက (၂၀၄.၆၂)ဧကအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)