ပုသိမ် သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်း က ပုသိမ်တံတားအမှတ် ၂ (ငဝန်မြစ်ကူးတံတား) တည်ဆောက်ရေးကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းသို့စစ်ဆေးရာတွင် တံတားတည်ဆောက်ရေး တံတားအထူးအဖွဲ့ ၁၆ မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သစ်သစ်အောင် က တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ ၉၉.၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တင်ပြချက်အရ သိရသည်။
ယခုတည်ဆောက်နေသည့် တံတားမှာ ပုသိမ်မြို့အရှေ့ဘက်နှင့် အနောက်ဖက်ကမ်းဒေသကို ပုသိမ်မြို့လည်နှင့် တိုက်ရိုက် ဆက်သွယ်တည်ဆောက်ထားပြီး ငွေဆောင်၊ ဂေါ်ရန်ဂျီ ကမ်းခြေပတ်လမ်းမှ ရခိုင်ပြည်နယ်သို့ ဆက်သွယ်နိုင်သည့် တံတားတစ်စင်းဖြစ်သည်။ တံတားအရှည်မှာ ၂၃၈၀ ပေ ရှည်လျားပြီး ပင်မတံတားအရှည် ၁၀၈၂ ပေ ၆ လက်မ၊ ပုသိမ်ဘက်ခြမ်းမှ ချဉ်းကပ်လမ်းအရှည် ၅၇၂ ပေ ၆ လက်မ၊ စိန်ကုန်းဘက်လမ်းမှ ချဥ်းကပ်လမ်းအရှည် ၇၂၅ ပေရှိသည်။ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်း တစ်ဘက်လျှင် ၅ ပေစီ ကျယ်ဝန်းပြီး တံတားအမျိုးအစားမှာ သံမဏိသံဘောင်အမျိုးအစား ဂုံးတံတားဖြစ်ပြီး၊ ရေလမ်းကင်းလွတ် အကျယ် ၄၁၆ ပေရှိသည်။ အဆိုပါ တံတားတည်ဆောက်မှုအတွက် ခန့်မန်းတန်ဘိုး ကျပ်သန်း ၂၈၅၀၀ ဖြစ်ကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်ခရိုင် ပြန်/ဆက်)