Skip to main content

မံစီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်

မံစီ  ဩဂုတ် ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂ဝ၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသည့် ထောက်ပံငွေများကို ယမန်နေ့ နံနက် ၉ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ)ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနှင့် တာဝန်ရှိသူများက ပြည်သူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများအား လွဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ဟန်ထက်၊ ကုန်းတိန်၊ မိုင်းခေါင်းစသည့် ကျေးရွာများသို့ သွားရောက်၍ ပြည်သူများနှင့် တွေ့ဆုံပြီး ထောက်ပံငွေများကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း အိမ်ထောင်စု ၃၁၃၆ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၂၇၂၀၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပထမအကြိမ် ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆား(၅၀)ကျပ်သားစသည့် အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့ရာတွင် စုစုပေါင်း အိမ်ထောင်စု(၂၆၃၃) စုကိုလည်းကောင်း၊ ဒုတိယအကြိမ် ထောက်ပံ့မှုအဖြစ် အိမ်ထောင်စု ၅၀၃ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၇၅၄၅၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် ထောက်ပံ့ခဲ့သည့် အိမ်ထောင်စု အားလုံးကို ထပ်မံထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေများကို ဝန်ကြီးနှစ်ဦးနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)