ကိုလိုနီခေတ်ဦး သစ်ထုတ်လုပ်ငန်း
ဗြိတိသျှကိုလိုနီလက်ထက်က သစ်ရောင်းဝယ်ရေး လုပ်ငန်းတွင် အစောဆုံးအခြေချသော နိုင်ငံခြားသား အရင်းရှင် ကုမ္ပဏီမှာ ဘုံဘေဘားမားထရေးဒင်းနှင့် မက္ကရေးဂါးတို့ဖြစ်ကြသည်။နောက်ပိုင်းတွင် စတီးဘရား သားကလည်း သစ်လုပ်ငန်းတွင် ပါဝင်လာခဲ့သည်။ ဘုံဘေဘားမား ကုမ္ပဏီသည် ဗြိတိသျှမြန်မာပြည်၏ သစ်တောများ၌သာမက မြန်မာဘုရင်ပိုင် တောင်ငူ သစ်တောနှင့် အထက်မြန်မာနိုင်ငံ သစ်တောများတွင် လည်း သစ်ခုတ် ထုတ်လုပ်ခွင့်ရရှိသော ကုမ္ပဏီဖြစ်သည်။
မစ္စတာဝီလျှံဝါလေ့စ်သည် ၁၈၆၂ ခုနှစ်က မြန်မာ ဘုရင်ထံမှ ကျွန်းသစ်ခုတ်လှဲထုတ်ယူခွင့်ကို ရရှိခဲ့ပြီး နောက် ၁၈၆၃ ခုနှစ်တွင် ဘုံဘေဘားမားကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ကုမ္ပဏီကို ဘုံဘေတွင် ရုံးစိုက်ပြီး ရန်ကုန်တွင် ကုမ္ပဏီရုံးခွဲကို သီးခြားဖွင့်လှစ်ကာ သစ်ထုတ်လုပ် ခြင်း၊ ခွဲစိတ်ခြင်း၊ ပြည်ပသို့တင်ပို့ရောင်းချ ခြင်း စသော သစ်လုပ်ငန်းတစ်ခုတည်းကို ချုပ်ကိုင် လုပ်ဆောင်ခဲ့သည်။ ကုမ္ပဏီပိုင်သစ်စက်များကို ရန်ကုန်၊ ဒလ၊ ဓနိတောနှင့် မော်လမြိုင်တို့တွင် တည်ထောင် ခဲ့သည်။
ဒီဆူဇာဆေးခန်းနှင့် ဆေးဝါးထုတ်လုပ်ရေး
အစောပိုင်းကာလကပင် အခြေချခဲ့သော နိုင်ငံခြားသား ကုမ္ပဏီများ၊ ကုန်တိုက်များထဲတွင် အီအမ်ဒီဆူဇာကုမ္ပဏီကလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ၁၈၇၈ ခုနှစ်က ဒေါက်တာအီအမ် ဒီဆူဇာသည် စင်ကာပူတွင် ဆေးခန်းဖွင့်လှစ်ရန်အတွက် အသွားလမ်းခရီး၌ သင်္ဘောမှာ လေမုန်တိုင်းမိသဖြင့် ရန်ကုန်သို့ မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က မြို့တော်ဖြစ်သော ရန်ကုန်၌ အရင်းရှင်စီးပွားရေးစနစ် ကို အခြေချရန်အတွက် အလားအလာအလွန်ကောင်း သည်ကို တွေ့မြင်ခဲ့ရသည့် ဒေါက်တာဒီဆူဇာက စင်ကာပူသို့ဆက်မသွားတော့ဘဲ ရန်ကုန်၌ပင် ဆေးခန်း တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
ဒေါက်တာဒီဆူဇာ၏ ဆေးခန်းမှာ ပထမဦးဆုံးနှင့် တစ်ခုတည်းသော အနောက်တိုင်းဆေးခန်းဆေးတိုက် ဖြစ်သဖြင့် လုပ်ငန်းမှာ များစွာတွင်ကျယ်ကာ ကြီးပွားခဲ့ သည်။ ကိုလိုနီခေတ်တစ်လျှောက်လုံးတွင် လွန်စွာ ထင်ရှားပြီး လူသိများခဲ့သော ဒီဆူဇာကုမ္ပဏီ အဆောက် အအုံကို ၁၈၈၇ ခုနှစ်က မစ္စတာ ဟာဂျီမာမတ်ဟာဒီထံမှ ဝယ်ယူခဲ့သည်။ ထိုအဆောက်အအုံတွင် လူနာများ လက်ခံကာ ဆေးကုသပေးရင်း ဆေးဝါးများကိုလည်း ဖော်စပ်ထုတ်လုပ်ရောင်းချခဲ့သည်။ ဒီဆူဇာကုမ္ပဏီ သည် ဓာတုဗေဒပစ္စည်းနှင့် ဆေးဝါးများ ထုတ်လုပ်ရောင်းချသော ပထမဦးဆုံးကုမ္ပဏီ ဖြစ်ခဲ့ သည်။
နိုင်ငံခြားသား အရင်းရှင်ကုမ္ပဏီကြီးများနှင့် ကုန် တိုက်များ၊ ကုန်သည်ပွဲစားများ အပြိုင်အဆိုင် အခြေချ လာမှုကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် ပြည်ပ ကူးသန်းရောင်းဝယ်ရေး တိုးတက်လာသောအခါ ပြည် တွင်း ကူးသန်းရောင်းဝယ်ရေး လျင်မြန်တိုးတက်လာ အောင် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ချုပ်ကိုင်လုပ်ဆောင်သော ကုမ္ပဏီတစ်ခု လည်း ပေါ်ပေါက်လာခဲ့သည်။
ထိုစဉ်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ကူးသန်းရောင်းဝယ်ရေးအတွက် လှေကြီးလှေငယ်တို့ကို အားထားခဲ့ကြရသလို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်ငယ်ချောင်းငယ်များအတွင်း၌လည်း တိုင်းရင်းသား တို့၏ လှေသမ္ဗန်များကို အားထားကာ လုပ်ဆောင်ခဲ့ကြရ သည်။ ၁၈၆၇ ခုနှစ်က ဗြိတိသျှအစိုးရနှင့် မြန်မာဘုရင်တို့ ကုန်သွယ်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်မှ အစပြု၍ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းတို့၏ ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးမှာ များစွာတိုးတက်ခဲ့ သည်။
ဧရာဝတီဖလိုတီလာကုမ္ပဏီ
ထို့ကြောင့် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးတွင် စစ်အတွင်းကအသုံးပြုခဲ့သော သင်္ဘောများကို ဝယ်ယူကာ ဧရာဝတီမြစ်ကြောင်း သွားလာရေးကို စတင်ခဲ့သည်။ ဧရာဝတီဖလိုတီလာ ကုမ္ပဏီသည် ၁၈၆၈ ခုနှစ်တွင် အစိုးရထံမှ သင်္ဘောသုံးစင်းကို ထပ်မံဝယ်ယူပြီး ကုမ္ပဏီ ကိုလည်း ပြန်လည်ပြုပြင် ဖွဲ့စည်းခဲ့သည်။ ကုမ္ပဏီတည် ထောင်ခါစတွင် ဖလိုတီလာသင်္ဘောများက ဧရာဝတီမြစ် ကြောင်းအတွင်း ရန်ကုန်နှင့် သရက်မြို့အကြား ပုံမှန် စတင်ခုတ်မောင်းခဲ့သည်။
နောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးအကြား၌ အပတ်စဉ်နှင့် မန္တလေးနှင့် ဗန်းမော်အကြား၌ လစဉ် အထက်အောက် စုန်ဆန်ခုတ်မောင်းခဲ့ကြသည်။ လုပ်ငန်း မှာ များစွာ တိုးတက်ဖြစ်ထွန်းသဖြင့် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီက ၁၈၇၅ ခုနှစ်တွင် ပြည်တွင်းသွားသင်္ဘောကြီး ငါးစင်းနှင့် ကုန်တွဲသမ္ဗန်ကြီး ခြောက်စင်းကို ထပ်မံဝယ် ယူကာ လုပ်ငန်းတိုးချဲ့ခဲ့ပြန်သည်။ သင်္ဘောကြီးများတွင် ဖောင် သင်္ဘောကြီးများကို ချိတ်တွဲကာ နယ်လှည့်ဈေး ဆိုင်ကြီးများအဖြစ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စုန်ဆန် ခုတ်မောင်းပြီး ရောင်းဝယ်ဖောက်ကားခဲ့သည်။
၁၈၈၁ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအကြား သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်ကျနှင့် ဗန်းမော်သို့ တစ်လ လျှင် နှစ်ကြိမ်ကျ ခုတ်မောင်းခဲ့သည်။ ထိုစဉ်က ဧရာဝတီ ဖလိုတီလာကုမ္ပဏီပိုင် သင်္ဘောများသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများအကြား နှစ်စဉ် သိန်းသုံးရာဖိုးရှိသော ကုန်ပစ္စည်းများနှင့် ကူးတို့စီးရေ ၅၀၀၀၀ ခန့်ကို သယ်ယူပို့ဆောင်ပေးခဲ့သည်။ ဧရာဝတီ ဖလိုတီလာကုမ္ပဏီသည် ပထမဦးဆုံး အခြေချ တည်ထောင်လုပ်ကိုင်ခဲ့သည့် တစ်ခုတည်းသော ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ဖြစ်ခဲ့ သည်။
ထိုအချိန်က နိုင်ငံခြားသားအရင်းရှင်များက တစ်စတစ်စအခြေချ၍ မြန်မာ့စီးပွားရေးကို ခြယ် လှယ်လုပ်ကိုင်ခဲ့ကြသည်ဆိုသော်လည်း ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုက နည်းပါးခဲ့သည်။ နိုင်ငံခြားသားအရင်းရှင် များအနေဖြင့် ငွေပင်ငွေရင်း (Fixed Capital) မြှုပ်နှံရ သော လုပ်ငန်းများ၊ အရင်းရှင် ကုန်ထုတ်လုပ်မှုနှင့် စက်မှု လက်မှုလုပ်ငန်းများကို တည်ထောင်မှုက နည်းပါးပြီး အချိန်တိုအတွင်း အမြတ်အစွန်းရရှိသော သွင်းကုန် ထုတ်ကုန်လုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း များကိုသာ အဓိကထား၍ လုပ်ဆောင်ခဲ့ကြသည်။ အနည်း ငယ်မျှသော စက်မှုလက်မှုလုပ်ငန်းများကလည်း ကုန် ပစ္စည်းထုတ်လုပ်သော စက်မှုလုပ်ငန်း (Manufacturing)မဟုတ်ဘဲ စိုက်ပျိုးရေးကိုအခြေခံသော ကြိတ်ခွဲထုတ် လုပ်မှု(Processing) စက်မှုလက်မှုလုပ်ငန်းများ သာလျှင် ဖြစ်ခဲ့ကြသည်။
ဆန်စက်လုပ်ငန်းများ
စပါးထက် ဝန်ကျဉ်းသော ဆန်ကို ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရန်အတွက် ကြိတ်ခွဲမှုကို သမားရိုးကျ နည်း လမ်းအတိုင်း လူအားစိုက်ကာ ကြိတ်ဆုံများဖြင့်ပင် လုပ် ဆောင်ကြရသည်။ ထိုကဲ့သို့ လက်ကြိတ်ဆုံဖြင့် ကြိတ်ခွဲ ရရှိသော သင်္ဘောတင်ဆန်ခေါ် လုံးတီးဆန်ကို လန်ဒန်၊ လီဗာပူး၊ ဟမ်းဘတ်နှင့် ဘရီမင်မြို့ကြီးများရှိ ကုမ္ပဏီကြီး များက ချုပ်ကိုင်ဝယ်ယူကာ ဆန်ဖြူဖြစ်အောင် ထပ်မံ စက်ထိုးပြီးမှ ဖြန့်ဖြူးရောင်းချသည်။ ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှုက တိုးတက်လာသော်လည်း ပထမဦးဆုံးသော ဆန်စက်ကို ၁၈၆၀ ပြည့်နှစ် ရောက်မှသာ ရန်ကုန်၌ တည်ဆောက်နိုင်ခဲ့သည်။ ထိုဆန်စက်မှာ ရေနွေးငွေ့သုံးစက်ဖြစ်ပြီး စက်ပိုင်ရှင်က ဩစတြေးလျနိုင်ငံသား Thomas Sutherland ဖြစ်သည်။ ၁၈၆၇ ခုနှစ်တွင် နောက်ထပ် ဆန်စက်နှစ်လုံးကို ထပ်မံ တည်ဆောက်ခဲ့သဖြင့် စုစုပေါင်း ဆန်စက်သုံးလုံးရှိလာခဲ့ သည်။
ကမ္ဘာ့ဈေးကွက်၌ မြန်မာ့ဆန် နေရာရခြင်း၊ ဈေး ကောင်းရခြင်းနှင့် လျင်မြန်စွာ သယ်ယူတင်ပို့နိုင်သော မီးသင်္ဘောများ ပေါ်ထွန်းလာခြင်းတို့သည် ဆန်စက် များတည်ထောင်ရေးကို အရှိန်အဟုန် တိုးမြင့်စေခဲ့ သည်။ ဆန်ကြိတ်ခွဲမှုလုပ်ငန်းကို လက်ကြိတ် ဆုံတို့ဖြင့် သာ အားကိုးလုပ်ဆောင်၍ မရနိုင်တော့သောကြောင့် အရင်းရှင်တို့သည် ဆန်စက်များကို အပြိုင်အဆိုင် တည်ထောင်လာကြတော့သည်။ ၁၈၆၈ ခုနှစ်တွင် ဆန် စက် ရှစ်လုံးသာရှိရာမှ ၁၈၆၉ ခုနှစ်တွင် ၁၃ လုံး၊ ၁၈၇၀ ပြည့်နှစ်တွင် စက်အလုံး ၂၀ အထိ ဖြစ်လာခဲ့သည်။ ဆက်လက်၍ ၁၈၇၁ ခုနှစ်တွင် ဆန်စက်ပေါင်း ၂၁ လုံး၊ ၁၈၇၂ ခုနှစ်တွင် ၂၆ လုံး၊ ၁၈၇၃ ခုနှစ်တွင် ၄၂ လုံး၊ ၁၈၇၄ ခုနှစ် တွင် ၄၃ လုံး၊ ၁၈၇၅ ခုနှစ်တွင် ၄၅ လုံး၊ ၁၈၇၆ ခုနှစ်တွင် ၄၇ လုံး၊ ၁၈၈၀ ပြည့်နှစ်တွင် ၄၉ လုံးအထိ တိုးတက်လာခဲ့သည်။
ဆန်ရောင်းဝယ်ရေးလုပ်ငန်းတွင် နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချခြင်းက အဓိက ဖြစ်သဖြင့် ဆန်စက်များကို ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်စသော ဆိပ်ကမ်း မြို့များ၌ တည်ဆောက်ခဲ့ကြ သည်။ ၁၈၇၀ ပြည့်နှစ်က ဆန်စက်အလုံးရေ ၂၀ ရှိခဲ့သည့် အနက် ဆန်စက်နှစ်လုံးက စစ်တွေ၌ရှိပြီး တစ်လုံးက မော်လမြိုင်၌ ရှိသည်။ ၁၈၈၁ ခုနှစ်အတွင်း စက် ၄၉ လုံး ရှိလာချိန်၌ ရန်ကုန်တွင် ၂၈ လုံး၊ စစ်တွေ၊ ပုသိမ်နှင့် မော်လမြိုင်တို့တွင် ခုနစ်လုံးစီ ရှိခဲ့ကြသည်။ ဆန်စက် အများစုမှာ နိုင်ငံခြားသားပိုင် များဖြစ်ကြပြီး ဥရောပ တိုက်သားပိုင် ၄၁ လုံး၊ တရုတ်နိုင်ငံသားပိုင် သုံးလုံး၊ အိန္ဒိယနိုင်ငံသားပိုင် သုံးလုံးဖြစ်ကာ မြန်မာတိုင်းရင်းသားပိုင်က နှစ်လုံးသာ ဖြစ်သည်။ ဆန်စက်အလုပ်သမားများမှာ အိန္ဒိယ နိုင်ငံသားများ ဖြစ်ကြသည်။
ဆန်စက်ခေတ်ဦးက ဦးဆောင်တည်ထောင်ခဲ့သော ဆန်စက်များသည် စပါးကို အခွံချွတ်ရုံမျှသာ စွမ်းအား ရှိကြ ပြီး ၁၈၈၁ ခုနှစ်ခန့်ကျမှသာ ရန်ကုန်ရှိ ဆန်စက် ၂၈ လုံး အနက် ၂၀ က ဆန်ဖြူရအောင် ကြိတ်နိုင်စက်ထိုးနိုင် ဖြစ်လာခဲ့သည်။ ဥရောပတိုက်သားပိုင် ဆန်စက်ကြီး လေးလုံးဆိုလျှင် လျှပ်စစ်မီးများ တပ်ဆင်ထွန်းလင်းလျက် စပါးပေါ်သည့် ရာသီတွင် နေ့ရောညပါ မရပ်မနား စက် လည်ပတ်နိုင်သည်အထိ တိုးတက်လာခဲ့ သည်။ မတည် ငွေရင်း မတောင့်တင်းသည့် အိန္ဒိယနိုင်ငံသားပိုင်နှင့် မြန်မာပိုင် ဆန်စက်များမှာ ဥရောပသားပိုင်ဆန်စက် ကြီးများနှင့် အပြိုင်အဆိုင် လုပ်ဆောင်ကြရာ၌ အရှုံးပေါ် ပြီး လုပ်ငန်းပျက်ပြားသွားခဲ့ကြပုံပေါ်သည်။ အဘယ် ကြောင့်ဆိုသော် ဆန်စက် အလုံးရေမှာ ၁၈၈၁ ခုနှစ် တွင် ၄၉ လုံးရှိနေခဲ့ရာမှ ၁၈၈၃ ခုနှစ် တွင် ၄၇ လုံး၊ ၁၈၈၅ ခုနှစ်တွင် အလုံး ၄၀ အထိ လျော့ကျသွားခဲ့ သောကြောင့် ဖြစ်သည်။
သစ်ထုတ်လုပ်ရေးနှင့် သစ်စက်များ
မြန်မာနိုင်ငံအကျယ်အဝန်း၏ ၅၇ ရာခိုင်နှုန်းမှာ ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ ကညင် စသော သစ်မျိုးစုံ ထွက် သည့် အဖိုးတန်သစ်တောများ ဖြစ်ကြသည်။ မြန်မာ့ ကျွန်းသစ်သည် ရှေးမဆွကပင် ကမ္ဘာ့ဈေးကွက်၌ နာမည်ရပြီး ဖြစ်သည့်အားလျော်စွာ အောက်မြန်မာနိုင်ငံ ကို ဗြိတိသျှတို့က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်းတွင် သစ်ရောင်းဝယ်ရေးလုပ်ငန်းမှာ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းကဲ့သို့ပင် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ နိုင်ငံခြားသားအရင်းရှင်များသည် ဆန်စက်များကို တည်ထောင်ခဲ့ကြသကဲ့သို့ သစ်စက်များကိုလည်း ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်နှင့် ရွှေကျင်မြို့များ၌ တည်ထောင်ခဲ့ကြသည်။
သမားရိုးကျနည်းဖြင့် လူအားစိုက်ထုတ်၍ လွှတိုက် ခြင်းနှင့် သစ်ခွဲခြင်းသည် ပြည်ပသို့ တင်ပို့ရောင်းချရန် အတွက် လိုအပ်သောပမာဏကို အချိန်မီ ဖြည့်ဆည်း မပေးနိုင်တော့ပေ။ သစ်ရောင်းဝယ်ရေးလုပ်ငန်းကို ဘုံဘေဘားမား၊ မက္ကရေးဂါးနှင့် စတီးဘရားသား ကုမ္ပဏီများက ချုပ်ကိုင်လုပ်ဆောင်သဖြင့် သစ်စက် အများစုမှာ ထိုကုမ္ပဏီများက တည်ထောင်သော စက်များသာလျှင် ဖြစ်ကြသည်။ တရုတ်နိုင်ငံသားပိုင်နှင့် အိန္ဒိယနိုင်ငံသားပိုင် စက်များလည်းရှိကြပြီး တိုင်းရင်း သားပိုင်စက်မှာမူ အလွန်နည်းပါးသည်။
ထိုစဉ်က သစ်စက်များမှာ ရေနွေးငွေ့သုံးစက်များ ဖြစ်ကြပြီး ခွဲစိတ်ရန်အတွက်သုံးသော လွှဝိုင်းလွှစက် များကို လည်ပတ်စေရန်အတွက်သာ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သမားရိုးကျ လွှထောင်များက လည်း နယ်မြေဒေသအနှံ့အပြား၌ ရှေးရိုးစဉ်လာမပျက် ဆက်လက်လုပ်ကိုင်ကြရသလို နိုင်ငံခြားသားကုမ္ပဏီ များက တည်ထောင်လုပ်ကိုင်သော သို့မဟုတ် အခ ကြေးငွေပေး၍ ငှားရမ်းလုပ်ဆောင်စေသော လွှထောင် များလည်း ထပ်မံပေါ်ထွက်လာခဲ့သည်။
၁၈၆၇ ခုနှစ်ကတည်းက သစ်စက်ခြောက်လုံး ရှိနေပြီဖြစ်ပြီး ထိုစဉ်က ဆန်စက်မှာ သုံးလုံးမျှသာ ရှိခဲ့သည်။ နောက်ပိုင်းတွင် သစ်စက် အရေ အတွက် တိုးပွားလာမှုက ဆန်စက်အရေအတွက် တိုးပွားမှုကို မမီတော့ပေ။ ၁၈၇၁ ခုနှစ်က ဆန်စက်အရေအတွက် ၂၀ ရှိနေချိန်တွင် သစ်စက်က ၁၄ လုံးသာရှိသေးသည်။ သစ်စက်အရေအတွက်မှာ ၁၈၇၅ ခုနှစ်တွင် ၁၆ လုံး၊ ၁၈၈၀ ပြည့်နှစ်တွင် အလုံး ၂၀၊ ၁၈၈၃ ခုနှစ်တွင် ၃၅ လုံး၊ ၁၈၈၄ ခုနှစ်တွင် ၃၇ လုံး ဖြစ်လာခဲ့သည်။
သစ်စက်အများစုသည်လည်း ဥရောပတိုက်သားပိုင် များဖြစ်ကြပြီး ၁၈၈၁ ခုနှစ်က ဥရောပတိုက်သားပိုင် ၁၁ လုံး၊ တရုတ်နိုင်ငံသားပိုင် လေးလုံး၊ အိန္ဒိယနိုင်ငံ သားပိုင် သုံးလုံးနှင့် မြန်မာပိုင် နှစ်လုံးရှိခဲ့သည်။ သစ်ထုတ်လုပ် ခွဲစိတ်သောလုပ်ငန်းမှာ မူလက မြန်မာ တိုင်းရင်းသားတို့၏ လက်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်း တစ်ရပ် ဖြစ်သည်။ သစ်စက်များ ထူထောင်လာသည့်အခါ တိုင်းရင်းသားတို့၏ လက်တွင် သစ်ခုတ်လုပ်ငန်းသာ ကျန်ရှိခဲ့သည်။ ၁၈၆၈-၆၉ ခုနှစ်က လွှစင်ပေါင်း ၂၆၆ စင်ရှိပြီး လွှဆွဲလွှတိုက် အလုပ်သမား ၆၅၀ ရှိခဲ့ရာမှ ၁၈၈၅-၈၆ ခုနှစ်တွင်မူ ရေနွေးငွေ့စွမ်းအားသုံး သစ်စက် ၃၄ လုံး၌ အလုပ်သမားပေါင်း ၂၉၆၆ ဦး ရှိလာခဲ့သည်။ စက်ရုံများကို ပိုင်ဆိုင် လုပ်ကိုင်သူများ မှာ အရင်းရှင် နိုင်ငံခြားသားများဖြစ်ကြပြီး စက်ရုံ အလုပ်သမားများကမူ အိန္ဒိယနိုင်ငံသားများ ဖြစ်ကြ သည်။ ။
သိပ္ပံစာရေးဆရာကိုကိုအောင်