နေပြည်တော် ဩဂုတ် ၁၂
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး (၃)ထပ်ရုံး အဆောက်အဦ သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး (၃)ထပ်ရုံး အဆောက်အဦသစ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ကြွရောက်လာသော ဧည့်သည်တော်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်ပြီး ဧည့်သည်တော်များနှင့်အတူ အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အဆောက်အဦ သစ်အား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ(၃)ထပ်အဆောက်အဦသည် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၄)မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်