Skip to main content

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ဩဂုတ် ၁၂

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေး တတိယနေ့ကို ယနေ့မွန်းလွဲ ၃  နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌  ဆက်လက် ကျင်းပသည်။

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ်  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊  ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး  NCA-S EAO ကိုယ်စားလှယ်များအဖြစ် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း (RCSS/ SSA)၊ ညှိနှိုင်းရေးမှူးဦးမျိုးဝင်း(ABSDF)၊ ညှိနှိုင်းရေးအဖွဲ့ဝင် များဖြစ်ကြသည့် ပဒိုစောတာဒိုမူး (KNU)၊ ဦးလှဌေး(ABSDF)၊ စောမြရာဇာလင်း(ALP)၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း(CNF)၊ ဆလိုင်းထလာဟေး(CNF)၊ စောစိန်ဝင်း (DKBA)၊ ပဒိုစောအယ် ကလူစေး (KNU)၊ စောကျော်ညွန့်(KNLA-PC)၊ ကြာဆော်လမွန်(LDU)၊ နိုင်အောင်မငေး (NMSP)၊ ခွန်မြင့်ထွန်း (PNU)နှင့် ဒေါက်တာစိုင်းဦး (RCSS/SSA) တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင်   NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက (၉) ကြိမ် မြောက် JICM အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို အနှစ်သာရပြည့်၀ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ၃ ရက်တာ ကျင်းပခဲ့ သည့် JICM အကြိုညှိနှိုင်းအစည်းအဝေးတွင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် နှစ်ဖက်ခေါင်းဆောင်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။

ဩဂုတ် ၁၃ ရက်တွင် ကျင်းပမည့်  (၉) ကြိမ်မြောက် JICM အစည်းအဝေး၏ အစည်းအဝေး အစီအစဉ်နှင့် ပြင်ဆင်မူများကို ယခုအစည်းအဝေးတွင် ချမှတ်နိုင်သကဲ့သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေး ညှိနှိုင်း ပြင်ဆင်နိုင်ခဲ့ပါကြောင်း၊၃ ရက်တာ ကျင်းပခဲ့သည့် JICM အကြိုညှိနှိုင်းအစည်းအဝေးသည် အောင်မြင် သည့် ညှိနှိုင်းအစည်းအဝေးဟု ဆိုနိုင်ပါကြောင်း။

သဘောတူညီချက်များရရှိနိုင်ရန် မိမိတို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များအကြားနှင့် သက်ဆိုင်ရာ အစုအဖွဲ့များအကြား အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ရပါကြောင်း၊ ရှဉ့်လည်းလျှောက်သာ၊ ပျားလဲစွဲသာ ဆိုသည့်စကားအရ ထိန်းညှိပေးရပါကြောင်း၊ နှစ်ဖက်အဖွဲ့၏ စိုးရိမ်ကြောင့်ကြမှုများ၊ ဝေါဟာရ အသုံးအနှုန်းများ နောက်ကွယ်က သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး နိုင်ခဲ့ပါကြောင်း။

ဆွေးနွေးညှိနှိုင်းရာတွင် ဆွေးနွေးဖော်ဆွေးနွေးဖက်များအတွက် Win-Win Solution ဖြစ်စေမည့် ရလဒ်ထွက်ပေါ်ရေး စိတ်ရှည်လက်ရှည်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့ အားလုံးသည် မိမိတစ်ဦး၊ မိမိတစ်ဖွဲ့တည်း၏ ကောင်းကျိုးကိုသာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ အားလုံးနှင့် သက်ဆိုင်သည့် ပြည်ထောင်စုကောင်းကျိုးအတွက် ဦးတည်ဆောင်ရွက် နေခြင်းဖြစ် သည်ကို နှလုံးသွင်းထားပြီး ဆွေးနွေးညှိနှိုင်းခဲ့၍ ယခုကဲ့သို့ ရလဒ်ကောင်းများကို ယူဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များကို မိမိအနေဖြင့် ချီးကျူး ဂုဏ်ပြုပါ ကြောင်း၊ အပြုသဘောဆောင်သည့်  နှစ်ဖက်ညှိနှိုင်းရေးအဖွဲများ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို မှတ်တမ်းတင်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ဘေးရောဂါသည် ကမ္ဘာ့အနှံ့အပြားတွင် အရှိန်အဟုန်ပြင်းပြင်းနှင့် ကူးစက် ပျံ့နှံ့နေဆဲဖြစ်ပြီး ယခုအချိန်အထိ ထိန်းချုပ်နိုင်ရန် နည်းလမ်းရှာနေဆဲဖြစ်၍ အားလုံး ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနှင့် သွားလာနေထိုင်ကြပါရန် တိုက်တွန်းပါကြောင်း   ပြောကြားသည်။ 

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဉက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့အစည်းအဝေးတွင်   ညှိနှိုင်းဆွေးနွေးရန် အချက် များမများ သော်လည်း ဖက်ဒရယ်ရှေ့လုပ်ငန်းစဉ်များ၊ အခြေခံလမ်းညွှန်များ၊ အရေးကြီးကိစ္စရပ် များဖြစ်သည့် အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်ဆောင်များဘက်မှလည်း အဖွဲ့ အားလုံး၏ သဘောတူညီချက် ရယူရခြင်းဖြစ်သည့်အတွက် တချို့အချက်များသည် လတ်တလော ဆုံးဖြတ်ချက် ချရန်နှင့် သဘောတူညီချက်ရယူရန် အချိန်အနည်းငယ်လိုအပ်ပါကြောင်း၊  သို့သော် လည်း အချက်အလက် တော်တော်များများကို သဘောတူညီချက် ရယူနိုင်ခဲ့ပါကြောင်း၊ လတ်တလော သဘောတူညီမှု မရရှိသေးသည့်အချက်များကို  ဆက်လက်ဆွေးနွေးပြီး နားလည်မှု များရရှိသည့်အခါ သဘောတူညီမှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ သဘောတူညီမှုရသည့် အချက် များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် အစိတ်အပိုင်း (၃) အဖြစ် ချုပ်ဆိုနိုင်ရန်အတွက် JICM နှင့်  UPDJC အစည်းအဝေးများ တွင် ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။

ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးတွင်  လက်မှတ်ရေးထိုးချုပ်ဆိုမည့်  ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃) ပိုင်းဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက် ၊ ၂၀၂၀ပြည့်နှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု များ၏ ခေါင်းစဉ်ကြီး (၈)ခုနှင့်ဆက်လက်ညှိနှိုင်းရမည့် နှစ်ဖက်အဆိုပြုခေါင်းစဉ်ခွဲများ နှင့် အပိုင်း(၃) ဖက်ဒရယ်အခြေခံ မူသဘောတူညီချက် (၅) ချက် စသည်တို့ကို သဘောတူညီ မှု ရရှိခဲ့ကြောင်း သိရသည်။ 

အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့သည် မီဒီယာများနှင့် တွေ့ဆုံပြီး အစည်းအဝေး ရလဒ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ၎င်းတို့၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။ 

သတင်း-ထွန်းဝင်းနိုင်၊ဟိန်းမင်းစိုး

ဓာတ်ပုံ-ထိန်နန်နော်