နေပြည်တော် သြဂုတ် ၁၂
မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို "Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်"(CERP) ထောက်ပံ့မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာတွင် ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် နှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ နှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လိုအပ်ချက် များကို မေးမြန်း ဆွေးနွေးပြီး မျိုးစေ့ထုတ် တောင်သူများ ကိုယ်စား တောင်သူတစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာ တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ရေသန့်စင်စနစ် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်က စီမံကိန်း ကျေးရွာများ၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် အတွင်း Type(1) Type(2) အဆင့်များခွဲ၍ သောက်သုံးရေဖူလုံရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရေသန့်စင်ခြင်း လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့် တို့ကိုလည်းကောင်း၊ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိသော Cash For Work (CFW)စီမံကိန်း ဆိုင်ရာများ ကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရေသန့်အား FDA ၏ ထောက်ခံချက် ရရှိမှုနှင့်အတူ ရေရှည်တွင်လည်း ကျန်းမာရေး နှင့် ညီညွတ်သည့် သောက်သုံးရေ ဖူလုံစွာ ထုတ်လုပ်ပေးနိုင်ရေး အထူးဂရုပြု ထိန်းသိမ်း ဆောင်ရွက်ရန်၊ CFW စီမံကိန်း လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဌာနတာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားပြီး စီမံကိန်းတာဝန်ခံများနှင့် ကျေးရွာခေါင်းဆောင်များ၏ တင်ပြ ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ ၌ "Covid-19 စီးပွားရေး ထိခိုက်မှုသက်သာ ရေးစီမံချက်"(CERP) အရ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် Cash For Work(CFW) စီမံကိန်းဖြင့် မြေရော ကျောက်ရောလမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က CFW စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိနေမှုများနှင့် အဆင်ပြေစွာ သွားလာနိုင်ရေး ဆောင်ရွက်မှုများ၊ ကျေးရွာအလိုက် စီမံကိန်းလုပ်ငန်းများ လျင်မြန်စွာ ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောင်းကုန်းမြို့နယ် ၊ ကညင်သုံးဆင့်ကျေးရွာတွင် "Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်"(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)