Skip to main content

ကချင်ပြည်နယ် ဝန်ကြီးချုပ် အောင်မြင်သာစံပြကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေး

မြစ်ကြီးနား  သြဂုတ် ၁၂

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနား မြို့နယ်အတွင်းရှိ အောင်မြင်သာစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၏ ပညာသင်ကြားရေး လိုအပ်ချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်‌ရေး ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ကျေးရွာသို့ သွားရောက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အခြေခံပညာ အထက်တန်းကျောင်းရှိ အင်ခိုင်ဘွမ်ခန်းမဆောင်၌ ကျောင်းကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ကာလ ဖြစ်သည့်အတွက် ပညာသင်ကြားရေး လုပ်ငန်းတွင် လိုအပ်ချက်များ ရှိလာမည်ဖြစ်သည့် လျှပ်စစ်မီး၊ စာသင်ခုံ၊ သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်များနှင့် မိုးတွင်းကာလဖြစ်သောကြောင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များကို မိမိတို့အစိုးရ အဖွဲ့အနေဖြင့် တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းအုပ်နှင့် ကျောင်းကော်မတီဝင်များ၏ ကျောင်းအတွက်လိုအပ်သည့် အခြေခံအဆောက်အအုံများ ပြုပြင်ပေးနိုင်ရေးနှင့် သင်ထောက်ကူပစ္စည်း လိုအပ်ချက်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ၏ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ကျေးရွာတွင်းလမ်းများ၊ ကျန်းမာရေးအဆောက်အအုံ ဆောက်လုပ်နိုင်ရေး မြေနေရာ အတွက် ဂရန်ရရှိရေး၊ စိုက်ပျိုးမြေရရှိရေး စသည့် လိုအပ်ချက်များ တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအတွက် လိုအပ်သည်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံလိုအပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည်းဆည်း ဆောင်ရွက် ပေးခဲ့သည်။

ပြည်နယ် (ပြန်/ဆက်)