နေပြည်တော် ဩဂုတ် ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ယခင် MCCT အစီအစဉ်ဆောင်ရွက်လျက်ရှိသောဒေသများတွင် ပါဝင်ခြင်းမရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ ကိုယ်ဝန်ဆောင်မိခင် များအား ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အစီအစဉ်နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင် များအား “ငွေဗိုက်” Application အသုံးပြု၍ ကိုယ်ဝန်ဆောင်ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ဩဂုတ် ၁၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ စာရင်းသွင်းနိုင်ပြီး ထောက်ပံ့ကြေး ငွေကျပ် ၃၀၀၀၀ တစ်ကြိမ် ထောက်ပံ့ခြင်းကို ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ Wave Money၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စက်တင်ဘာ ၂၀ ရက်နောက်ပိုင်းတွင် ထောက်ပံ့ကြေးများပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာကြသော သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်