နေပြည်တော် ဩဂုတ် ၁၁
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးအစီအစဉ် (CERP) ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်၈ရက် နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာ မိုးစပါး စိုက်ကွင်းရှင်းလင်းဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသနေတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ထိခိုက်နစ်နာမှုများကို ပြန်လည်ကုစားရေးလုပ်ငန်းစဉ်အား နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရာတွင် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် အဓိကအခြေခံကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အသက် မွေးဝမ်းကျောင်းလုပ်ငန်းများတွင် တောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို အားထားလုပ်ကိုင်လျက်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း တောင်သူလယ်သမားများ၏အခြေအနေ ပြန်လည်တည့်မတ်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သည်အထိ မျိုးစေ့ထုတ်တောင်သူများအသင်း ဖွဲ့စည်းမှုများဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်တစ်ဦးအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၆၀ ကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မိုးစပါးသက်လတ်မျိုးများ ယှဉ်ပြိုင်စမ်းသပ်ကွက်ကိုလည်းကောင်း၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ စံပြစိုက်ဧက ၄၀၀ စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်နှင့် တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးဇော်တို့က ရှင်းလင်းပြသကြသည်။
မွန်းလွဲပိုင်းတွင် ဇလွန်မြို့နယ် မေရီလန်းကျေးရွာ၌ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့်ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း ၂၇ ဒသမ ၅ ဧကကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း စံပြကွက်များ၏ ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး ဒေသနေတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၌ (RS to CS) မိုးစပါးမျိုးစေ့ထုတ်ဧက ၉၅၈၅ စိုက်ပျိုးရန် လျာထားစီမံထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အပါအဝင် မိုးစပါးမျိုးစေ့ထုတ် ၅၉၆၄ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ဧက စုစုပေါင်းဧက ၃၇ သိန်းကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မိုးစပါးဧက ၃၁ သိန်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်