Skip to main content

အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၇)ကြိမ်မြောက် အာဆီယံ-ကနေဒါ ဆွေးနွေးပွဲတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၁

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် သည် ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၁၇) ကြိမ်မြောက် အာဆီယံ-ကနေဒါ ဆွေးနွေးပွဲသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ထိုသို့တက်ရောက်ရာတွင် မြန်မာနိုင်ငံသည် အာဆီယံကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံ ဖြစ်သည့်အတွက် ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ-ပစိဖိတ်ဆိုင်ရာ လက်ထောက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Paul Thoppil တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် အဆင့်မြင့်အရာရှိကြီးများက အာဆီယံနှင့် ကနေဒါနိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ကိုဗစ်၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များ၊ အာဆီယံ-ကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေးကို ပိုမိုတိုးတက် ခိုင်မာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နယ်ပယ်များ၊ဒေသတွင်းနှင့် နိုင်ငံတကာ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အာဆီယံ-ကနေဒါ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်ဦးတည်ချက် ဘာသာရပ်ခေါင်းစဉ်အောက်တွင် အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်း အစီအစဉ် -၃ (၂၀၁၆-၂၀၂၀) အကောင်အထည်ဖော်မှု အခြေအနေများနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု လုပ်ငန်းအစီအစဉ် -၄ (၂၀၂၀-၂၀၂၅) ရေးဆွဲအကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ဦးဆောင်ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အာဆီယံရေးရာဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်