နေပြည်တော် ဩဂုတ် ၁၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးအတွက် ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေး လုပ်ငန်းကော်မတီနှင့် ခန်းမတွင်းနေရာချထားရေးလုပ်ငန်းကော်မတီတို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အသေးစိတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
အစည်းအဝေးတွင် ခန်းမတွင်းနေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်က မိမိတို့ ခန်းမတွင်းနေရာချထားရေးလုပ်ငန်းကော်မတီအနေဖြင့် ယခင်ညီလာခံအစည်းအဝေးများကျင်းပစဉ်က တာဝန်ယူခဲ့သည့် အတွေ့အကြုံကောင်း များ ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုတစ်ကြိမ်တွင်လည်း မိမိတို့၏လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင်အဆင်ပြေပြေ ဆောင်ရွက် နိုင်ရေးအတွက် ကော်မတီဝင်များအားလုံးက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဧည့်သည်များ စတင် ဝင်ရောက်သည့် အချိန်မှစ၍ ညီလာခံပြီးဆုံးသည့်အချိန်အထိ ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များကို အသေးစိတ်စဉ်းစားသုံးသပ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ယခုကျင်းပမည့် ညီလာခံသည် ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားခဲ့သည့် ကူးစက်မြန် ပြင်းထန် COVID-19 ရောဂါ၏ ကန့်သတ်ချက်များကြောင့် ကိုယ်စားလှယ်အရေအတွက် လျော့နည်းခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန် ချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းစဉ်းစားဖြည့်ဆည်းရမည့်အချက်အလက်များကို ဆွေးနွေးပေးကြရန်ဖြစ် ကြောင်း ပြောကြားသည်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး
ယင်းနောက် ခန်းမတွင်း နေရာချထားရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက MICC-1 နှင့် MICC-2 တို့တွင် ပြင်ဆင်ဆောင်ရွက်ထားသည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်အတွက် ဖြည့်စွက်အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
အစည်းအဝေးအပြီးတွင် ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခန်းမတွင်း နေရာချထားရေးလုပ်ငန်းကော်မတီ၏ MICC-1 နှင့် MICC-2 တို့တွင် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီ၏ ဟိုတယ်အသီး သီးတွင် ကြိုဆိုနေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်