Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော်  ဩဂုတ်  ၁၁

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား  ၁၅၀  အား (၁၃)ကြိမ်မြောက် မြန်မာအမျိူးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင်လည်းကောင်း၊ နိုင်ငံအရပ်ရပ်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား   ၉၇ ဦးအား ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် (၁၇)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင်လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီး ပြန်လည်ရောက်ရှိကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀,၃၅၇) ဦးအား ကယ်ဆေးရေး လေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)