နေပြည်တော် ဩဂုတ် ၁၁
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများ တက်ရောက်ကြပြီး အပြန်အလှန်ချိတ်ဆက် ဆွေးနွေးကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံ ပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ အချက် (၈၀) ပါဝင်သောဆန်း စစ်ချက်များဖြင့် အထက်တန်းဆင့်ကျောင်းများအား စစ်ဆေးအကဲ ဖြတ်လျှက်ရှိပါကြောင်း၊ အခြေခံ ပညာအထက်တန်းဆင့် ကျောင်းပေါင်း(၇၁၇၃)ကျောင်းအနက် (၇၁၁၁)ကျောင်းအား စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး ယနေ့အထိ လိုအပ်ချက်များ ပြည့်စုံမှုရှိသော A အဆင့်(၄၁၅၆) ကျောင်းပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးလျှက်ရှိပါကြောင်း၊ လိုအပ်ချက်များပြည့်စုံ၍ A အဆင့်ရရှိပြီးသောကျောင်းများအား အမြန်ဆုံး ဆက်လက်ဖွင့်လှစ်ခွင့်ရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဖြည့်ဆည်း ရန်လိုအပ်သောကျောင်းများ၏ လိုအပ်ချက်များကို အခြေခံပညာဦးစီးဌာနအနေဖြင့် ချက်ခြင်း ဖြည့်ဆည်းပြီး အမြန်ဆုံး ဖွင့်လှစ်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ ဖွင့်လှစ်ခွင့်ရရှိပြီးသော ကျောင်းများအားလုံး ကျောင်းအဆင့်ကြီး ကြပ်စစ်ဆေးရေးအဖွဲ့များက အဆင့် A အဖြစ် အမြဲတည်တံ့နေစေရန် နေ့စဉ်ဆန်းစစ် ဖြည့်ဆည်းရန်လိုအပ်ပါကြောင်း၊ မြို့နယ် အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ် စစ်ဆေးရေးအဖွဲ့များ သာမက Monitoring Squad များကလည်း ရှောင်တခင် ဆန်းစစ်မှုများဆောင်ရွက်မည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းအလိုက် ထူးခြားမှုအခြေအနေများကိုလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ နေ့စဉ်ပေး ပို့ရန်နှင့်မြို့နယ်ပညာရေးမှူး ရုံးများသို့ လည်းမိတ္တူပေးပို့ရန်ဖြစ်ပါကြောင်း၊ မည်သည့် အစိုးရကျောင်း၊ ကိုယ်ပိုင် ကျောင်းနှင့်ဘုန်းတော်ကြီးသင်ကျောင်းမဆို ဘော်ဒါထားရှိခြင်း လုံးဝခွင့်ပြုထားခြင်း မရှိပါကြောင်း၊ အထက်တန်းဆင့်ကျောင်းများ အားလုံးဖွင့်လှစ်ပြီး နောက်ထပ် ရက်သတ္တပတ် (၃)ပတ် အကြာမှသာ အလယ်တန်းဆင့် ကျောင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဦးဆောင်၍ အထက်တန်း ဆင့်ကျောင်းများကဲ့သို့ အချက် (၈၀)ပါ ဆန်းစစ်အကဲဖြတ် လွှာဖြင့်စစ်ဆေး မည်ဖြစ်ပါသဖြင့် လိုအပ်ချက်များအားလုံး ပြည့်စုံအောင် ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ အချက်(၈၀)ပါ ဆန်းစစ်အကဲဖြတ်လွှာဖြင့်စစ်ဆေးရန်အလွန်ခက်ခဲသော ဒေသများရှိ ကျောင်းစာရင်းရှိပါကလည်း ခက်ခဲမှုအခြေအနေနှင့်အတူအမြန်ဆုံး တင်ပြရန် လိုအပ်ပါကြောင်း စသည်ဖြင့်အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းနှင့်တာဝန်ရှိသူတို့က ပညာရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဖြည့်ဆည်းဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)